02/06/2024
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်
အထူးဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊သဘာပတိအဖွဲ့၏နာယကကြီး သူရဦးတင်ဦး အသက်(၉၈)နှစ် သည် ၂၀၂၄ ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက် ၈:၄၆ နာရီအချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွား ပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြီးမားသောနစ်နာဆုံးရှုံးမှုတရပ်ဖြစ်သည့်အပြင် ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံးကလည်း စိတ်နှလုံးထိခိုက် ဝမ်းနည်းကြေကွဲနေကြမည်ဟု ယုံကြည်ပါသည်။
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခက်ခဲကြမ်းတမ်းလှသည့် ဒီမိုကရေစီခရီးကြမ်းတလျှောက်တွင် မားမားမတ်မတ်ရပ်တည်၍ ဦးစီးဦးဆောင်ပြုကာ ပါတီတွင်းညီညွတ်ရေး၊ ပါတီပြင်ပ ညီညွတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်အောင်ကြိုးပမ်းခဲ့သည့် ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။
၃။ဘဘဦးတင်ဦးသည် အသက်အရွယ်ကိုပင်မငှဲ့ကွက်ပဲ မြန်မာပြည်တစ်နံတစ်လျား အဖွဲ့ချုပ် အောင်နိုင် ရေးခရီးစဉ်များတွင်လည်း အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အောင်နိုင်ရေးခရီးများ၊ စည်းရုံး ရေးခရီးများသို့ လိုက်ပါဆောင်ရွက်ခဲ့သည့်အပြင် အညာစုအရေးအခင်းနှင့် ဒီပဲယင်းအရေးအခင်းများတွင် လည်း သေကံမရောက်သက်မပျောက်ပဲ ဒီမိုကရေစီရေးအတွက် ဆက်လက်ရှင်သန်လာနိုင်ခဲ့သူဖြစ်သည်။
၄။ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတစ်ဦးပင်ဖြစ်လင့်ကစား ပြည်သူလူထုနှင့် ပါတီ အပေါ် မောက်မာရိုင်းစိုင်းစော်ကားခြင်းအလျဉ်းမရှိပဲ ရိုးသားတည်ကြည်စွာ ရပ်တည်ခဲ့သဖြင့် “ပြည်သူ ချစ်သော ဗိုလ်ချုပ်ကြီး” ဟုပင် အမည်တွင်သည့် နာယကဂုဏ်ပြည့်စုံကုံလုံသူလည်း ဖြစ်သည်။
၅။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လေးစားအားကျအတုယူဖွယ် ဂုဏ်ပုဒ်များစွာနှင့် ပြည့်စုံ လှသည့် ဘဘဦးတင်ဦး ကွယ်လွန်သွားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နာယကကြီး၏ မျှော်မှန်းချက်များ ရည်ရွယ်ချက်များကို မမှိတ်မသုန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုအပ်ပါသည်။
၆။ဘဘ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမှု အဖွဲ့ချုပ်အပေါ်သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု တို့သည် ကျွန်ုပ်တို့အားလုံးအတုယူစရာ၊ မော်ကွန်းတင်စရာများအဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိနေမည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲပါ ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဘဘဦးတင်ဦး ကောင်းရာသုဂတိရောက်ရှိပါစေ
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်