06/09/2025
ဒံပေါက်ချက်နည်း
****************
ဒံပေါက်ချက်နည်းမှာ
ကြက်သားကို အစိမ်းချက်ချက်တာနဲ့
ကြက်သားကို ကျက်အောင်ချက်ပြီးမှ ချက်တာရယ်လို့
၂ မျိုး ရှိပါတယ်။
ကြက်သားကို ကျက်အောင်ချက်ပြီးမှ ချက်တာက
အလွယ်ချက်နည်း ဖြစ်ပေမယ့်လည်း
ကြက်သားကို အစိမ်းချက်ချက်နည်းကပဲ
ဒံပေါက်စစ်စစ်ရဲ့ အရသာကို ပေးစွမ်းနိုင်သည်မို့
မိမိ အိမ်မှာပဲ ဆီသန့် , ထောပတ်သန့်သန့်သုံးပြီး
ဒံပေါက်ချက်စားလိုသူများအတွက် ဖြစ်စေ
ချက်၍ လှူဒါန်းလိုသူများအတွက် ဖြစ်စေ
အဆင်ပြေလွယ်ကူစွာ ချက်လို့ရစေဖို့ရာ
ဒံပေါက် အစိမ်းချက်နည်းက်ို တင်ပေးလိုက်ပါတယ်။
အချိုးအစား
***********
ဆန် ( ၂ ပြည် )
သီဟို ( ၁၅ ကျပ်သား ) ပိုထည့်နိုင် / လျှော့ထည့်နိုင်
စပျစ် ( ၁၅ ကျပ်သား ) ပိုထည့်နိုင် / လျှော့ထည့်နိုင်
ပဲစိမ်း ( ၂၀ သား ) ပိုထည့်နိုင် / လျှော့ထည့်နိုင်
မုန်လာဥနီ
ဆီ ( 1200 ml )
ထောပတ် ( 250 ml ) ပိုထည့်နိုင်ပါတယ်။
နို့စိမ်း ( ၂ ဗူး )
ကြက် ( ၈ ကောင် )
ကြက်သွန်ဖြူ ( ၆ ကျပ်သား )
ဂျင်း ( ၈ ကျပ်သား )
ဟင်းချိုမှုန့် ( 50 g )
ဆား ( 100 g )
သကြား ( 200 g )
မဆလာ ( 50 g ) ပိုထည့်လို့ ရပါတယ်။
ဆီချက် ( 500 g ) အနှစ်များချင်ရင် ပိုထည့်လို့ရပါတယ်။
ပြုလုပ်ပုံ
ပထမဦးဆုံး ကြက်သားနှပ်ဖို့အတွက် ပြင်ဆင်ပါမယ်။ကြက်သားကို အရောင်လှစေဖို့အတွက်
Food Color နဲ့ နယ်ရပါမယ်။ အရောင်မပါတဲ့ ကြက်သားက ဖြူရော်ရော်နဲ့ မလှတာမို့
ကြက်သားကို အရောင်နဲ့ နယ်ရခြင်းပါ။
Food Color ကိုတော့ လိမ္မော်ရောင် သုံးပါတယ်။
City Mart တွေမှာ Food Color အရည်ပုလင်းလို့
မေးပြီး ဝယ်လို့ရပါတယ်။Food Color လိမ္မော်ရောင် အမှုန့်ကိုတော့ ဒံပေါက်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဒံပေါက်ချက်ရင်သုံးတဲ့ Food Color လိမ္မော်ရောင်လို့ မေးပြီးဝယ်လို့ရပါတယ်။
အရောင်အမှုန့်ကိုတော့ ရေနဲ့ဖျော်ပြီးသုံးနိုင်ပါတယ်။အရောင် အများကြီးသုံးဖို့ မလိုပါဘူး။
ကြက်သားကို အရောင်နဲ့ နယ်ပြီးတဲ့အခါ
ဒံပေါက်မဆလာ , ဆား , သကြား , ဟင်းချိုမှုန့် ထည့်ပါမယ်။
ဟင်းချိုမှုန့်ကတော့ အချိုမှုန့်အစားထိုးမှုန့်များ သုံးနိုင်သလိုမိမိ စိတ်ကြိုက်နှစ်သက်ရာ သုံးနိုင်ပါတယ်။အားလုံး သမမျှတအောင် နယ်ပေးပါ။
ဆီ အနည်းငယ် ထည့်ရပါမယ်။အကုန်မထည့် ပါဘူး။ ကျန်တဲ့ဆီတွေက ဒံပေါက်နှပ်ရင် သုံးဖို့ပါ။
ထောပတ်ဆီ အနည်းငယ် ထည့်ရပါမယ်။အကုန်မထည့် ပါဘူး။ ကျန်တဲ့ ထောပတ်တွေက ဒံပေါက်နှပ်ရင် သုံးဖို့ပါ။
ချင်း , ကြက်သွန်ဖြူ ကိုညက်နေအောင် ထောင်းထည့်ပါမယ်။ပြီးရင်တော့ နှံစပ်နေအောင် ပြန်နယ်ပေးပါ။ကြက်သားထဲ အရသာတွေစိမ့်ဝင်နေအောင် နာရီဝက်ခန့် နှပ်ထားပေးပါ။နာရီဝက်ခန့် နှပ်ထားပြီးရင်တော့ ကြက်သွန်နီ ဆီချက်ဖက်ထည့်နယ်ရပါမယ်။ကြက်သွန်နီ ဆီချက်ဖက်ထည့်နယ်ပြီးရင်တော့ကြက်သားသပ်သပ် ဆီချက်ဖက် သပ်သပ် ကို တစ်ခြမ်းစီ ပြန်ခွဲထားပေးရပါမယ်။ကြက်သားတုံးတွေကို
အိုးအောက်ခြေတစ်ပြင်လုံးဖြန့်မခင်းပဲ
အိုးရဲ့ တစ်ခြမ်းမှာပဲ ထပ်စီပေးပါ။
ခွဲထားတဲ့ဆီချက်ဖက်တွေကိုတော့ထပ်စီထားတဲ့ ကြက်သားပေါ်မှာ တင်လိုက်ပါ။ထိုဆီချက်ဖက်ကတော့ ဒံပေါက်အနှစ်အတွက် ဖြစ်ပါတယ်။
အိုးဖေါက်တဲ့အခါ ကြက်သားမရှိတဲ့ဘက်ခြမ်းကနေထမင်းဆန်သား လှလှလေးတွေကို အရင်ခပ်ယူရမှာမို့ ကြက်သားမရှိတဲ့ဖက်ခြမ်းကို မှတ်ထားပါ။
ကြက်သားနှပ်ထားတဲ့အချိန်မှာ ထမင်းချက်ရပါမယ်။မီးမွှေးပြီး မီးဖိုပေါ် ဒန်အိုးတင်ပြီး ရေထည့်ပါ။သစ်ကြံပိုးခေါက် ထည့်ပါ။ကရဝေးရွက် ထည့်ပါ။လေးညှင်းပွင့် ထည့်ပါ။ဖာလာစေ့ကို ထောင်းထည့်ပါ။ဇီရာစေ့ ထည့်ပါ။ထမင်းဆန်သားထဲ အရသာဝင်စေဖို့ရာအတွက်
ရေထဲကို ဆားထည့်ချက်ရပါတယ်။
ဆားထည့်ပြီး ရေကို အရသာမြည်းကြည့်ပါ။
အရသာ ငံမြမြလေးသာ ရနေစေရပါမယ်။ မငံစေရပါ။ဒါမှ ဒံပေါက်ထမင်းဆန်သားမှာ အရသာဝင်မှာပါ။ရေကို ဆူပွက်လာတဲ့အထိ ကျိုပေးပါ။ရေဆူလာပြီဆိုရင်တော့ ဒံပေါက်ဆန် ( ဘာစမာတီ ) ကို ရေဆေး , ရေစစ်ပြီး ထည့်ပါ။
မှတ်ချက်
*********
ရွှေဘို ပေါ်ဆန်းမွှေးနဲ့လည်း ချက်လို့ရပါတယ်။
ဒံပေါက်ဆိုင်တွေမှာတော့ ဆန်ကို
ပေါ်ဆန်းမွှေးကိုပဲ အသုံးများပါတယ်။
မိမိနှစ်သက်ရာ ဆန်သားလှတဲ့ဆန်ကို
ရွေးချယ် အသုံးပြုနိုင်ပါတယ်။
ပေါ်ဆန်းမွှေး နဲ့ချက်လည်း စားလို့ကောင်းပါတယ်။ဆန်သားပျော့သွားရင်လဲ ဒံပေါက်က စားမကောင်းတာမို့အိုးက်ို မွှေ မွှေပေးပြီး ဆန်သား ရ မရ ကြည့် ကြည့်ပေးပါ။ဆန်သားလေးတွေ ကော့စင်းလာပြီဆိုရင်တော့ ဒံပေါက်နှပ်ဖို့ စတင်လို့ရပါပြီ။ထမင်းတွေကို ဇကာနဲ့ ဆယ်ယူပြီး ရေစစ်ပါ။ရေအကုန်စစ်ချဖို့ မလိုပါဘူး။ရေအနည်းငယ် ကျန်လို့ရပါတယ်။
ခုနက နှပ်ထားတဲ့ ကြက်သားပေါ် ကို ဆယ်ယူထားတဲ့ ထမင်းတွေ တင်လိုက်ပါ။ကြက်သားရှိတဲ့ ဘက်ခြမ်းနဲ့ကြက်သားမရှိတဲ့ ဘက်ခြမ်းကို မှတ်ထားပါ။အိုးဖောက်တဲ့အခါကျရင်ကြက်သားမရှိတဲ့ ဘက်ခြမ်းကနေဒံပေါက်ဆန်သားတွေကို အရင် ခပ်ယူရမှာပါ။ထမင်းတွေအားလုံးဆယ်ယူပြီးပြီဆိုရင်တော့မျက်နှာပြင်ကို ညှိလိုက်ပါ။အရောင် Food Color လိမ္မော်ရောင်လေး ထည့်ပါမယ်။အရောင်ကို အများကြီး မထည့်ရပါဘူး။ကွက်တိကွက်ကျားလေးပဲ ထည့်ပေးရမှာပါ။ပဲစိမ်း ထည့်ပါ။လတ်ဆတ်တဲ့ ပဲစိမ်းထည့်ရင် အကောင်းဆုံးပါ။မရှိရင်တော့ ရေခဲထားတဲ့ ပဲစိမ်းသုံးပါ။အဲ့ နှစ်မျိုးလုံး မရှိရင်တော့ စည်သွတ်ဘူး သုံးလို့ရပါတယ်။သီဟို , စပျစ် ထည့်ပါ။မုန်လာဥနီထည့်လိုပါကလည်း အတုံးလေးများတုံးပြီး ထည့်နိုင်ပါတယ်။ဆီ ကို မျက်နှာပြင်အနှံ့ နှံ့စပ်အောင် ထည့်ပါ။ထောပတ် ကို မျက်နှာပြင်အနှံ့ နှံ့စပ်အောင် ထည့်ပါ။
ဒံပေါက်ချက်တဲ့အခါ ထောပတ်ကောင်းသုံးဖို့ဟာ အလွန်ကို အရေးကြီးပါတယ်။ထောပတ်အနံ့ထည့်ထားတဲ့ ထောပတ်အတုကို သုံးမိမယ်ဆိုရင်တော့သက်ကြီးရွယ်အိုတွေ , ရောဂါအခံရှိသူတွေ , သွေးတိုးရောဂါရှိသူတွေ , လူသားတွေအတွက် ထိခိုက်စေမှာပါ။နို့စိမ်း ထည့်ပါမယ်။မျက်နှာပြင် အနှံ့ နှံ့စပ်အောင် ထည့်ပေးပါ။အားလုံး ထည့်ပြီးပြီမို့ အဖုံးအုပ်ပြီး ဒံပေါက် နှပ်လို့ရပါပြီ။
အသင့်ဖိုထားတဲ့ မီးဖိုပေါ်တင်ပြီး နှပ်ပေးပါ။
ဒံပေါက်နှပ်ချိန်မှာ နားစွင့်ထားပေးရပါတယ်။
အိုးအောက်ခြေနားကနေ တဗျစ်ဗျစ်နဲ့ အသံကြားရပြီးအငွေ့တွေ စထွက်လာပြီဆိုရင် မီးအားလျှော့ပေးရပါတော့မယ်။
အိုးအောက်ခြေက မီးခဲတွေကိုယူပြီး အိုးဖုံးပေါ်တင်ပေးပါ။အိုးအောက်ခြေက မီးခဲတွေကိုလည်းခပ်ကျဲကျေဲလေး ခွဲထုတ်ပေးပြီး အပေါ်မီး အောက်မီးနဲ့ နှပ်ထားပေးပါ။နှပ်နေချိန်မှာ အငွေ့တလူလူထွက်လာပြီး ဒံပေါက်နံ့တွေ မွှေးလာပါလိမ့်မယ်။၄၅ မိနစ်ခန့် နှပ်ထားပြီးရင်တော့ဒံပေါက်ထမင်းရရှိပါပြီ။
မှတ်ချက်
*********
အချိုမှုန့် အရသာကြိုက်ရင်တော့
ခုပြထားတဲ့အချိုးအစားထက် ပိုထည့်ပေးနိုင်ပါတယ်။
မဆလာကတော့
သက်ကြီးရွယ်အိုတွေ စားလို့အဆင်ပြေစေဖို့အတွက်
50 g လောက်ဆိုရင် ရပါပြီ။
ဘာရောဂါမှ မရှိဘူး၊
မဆလာ အရသာကြိုက်တယ်ဆိုရင်တော့
ပိုထည့်ပေးနိုင်ပါတယ်။
ကြက်သားကတော့ ၁၀ ကောင်ထိ ထည့်နှပ်နိုင်ပါတယ်။
တစ်ကယ်လို့ ဒံပေါက်ထမင်းထပ်လိုချင်တဲ့သူတွေ
အတွက်ဆိုရင်တော့ ကြက် ၈ ကောင်ဆို ရပါပြီ။
Crd - ပဲခူး ဒေါ်ထွေးရီ
#ဒံပေါက်ချက်နည်း