Plonky Kit

Directions

Plonky Kit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Plonky Kit, Travel and transport, Athens.

The grass is always greener on the other side တဲ့….တခြားတဘက်က မြက်တွေက အမြဲပိုလှစမြဲပဲ။ဒါက ကျမတို့ထင်တတ်ကြတာ။ ဒီစကားကို ...
12/10/2026

The grass is always greener on the other side တဲ့….
တခြားတဘက်က မြက်တွေက အမြဲပိုလှစမြဲပဲ။
ဒါက ကျမတို့ထင်တတ်ကြတာ။

ဒီစကားကို လွန်ခဲ့တဲ့ တနှစ်လောက်က ကျမတို့ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ တော်တော်လေး ကြားခဲ့ရပါတယ်။

ကျမတို့ရဲ့ အိမ်နီးချင်း Saudi Arabia က လေကြောင်းလိုင်းအသစ်ဖြစ်တဲ့ Riyadh Air ပြေးဆွဲတော့မယ်ဆိုပြီး Crew တွေ ခေါ်ချိန်ကပေါ့။

အရှေ့အလယ်ပိုင်းရဲ့ ကြီး၃ကြီးလေကြောင်းလိုင်းတွေဖြစ်တဲ့ Emirates, Qatar နဲ့ Etihad တို့ကို ယှဉ်နိုင်ဖို့၊ သူတို့ထက်သာဖို့ဆိုရင် Riyadh အနေနဲ့ တော်တော် ပြင်ဆင်၊ အားထုတ်မှ ရနိုင်မှာပါ။

Riyadh ကလည်း ပြင်ဆင်ပါတယ်။
ပထမဆုံးအနေနဲ့ ဝန်ထမ်းတွေခေါ်ရာမှာ Salary Package တွေက တကယ့်ကို သရေယိုစရာပါ။ ပေးတဲ့ Facilities တွေနဲ့ Benefits တွေကလည်း ME ကြီး၃ကြီး ထက် ပိုသာနေပါတယ်။ ဒါကြောင့် ကျမတို့ လေကြောင်းလိုင်းက Crewတွေက လှုပ်လှုပ်ရွရွ ဖြစ်ကြတာပေါ့။ ဖြစ်လည်း ဖြစ်လောက်စရာပဲကိုး။

ကျမတို့ Supervisor Level ဆိုရင် Direct Entry နဲ့ ခေါ်တာပါ။ RX က Offerလုပ်ထားတဲ့ Cabin Supervisor တယောက်ရဲ့ လစာက တော်တော်လေးကို များပါတယ်။ Basic ရော Allowancesရောက တော်တော်ကွာပါတယ်။

ကျမတို့ဆီကနေ ထွက်သွားပြီး RXကို သွားJoinကြတဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ဒါကြောင့် တရက်မှာ ကျမကို အငယ်လေးတွေက မေးကြတယ်….”RX ကို သွားသင့်လား” တဲ့။

ကျမသူတို့နဲ့ ဆွေးနွေးဖြစ်တာတွေက ကျမအတွေးအမြင်သက်သက်ပါ။ ဒါပေမယ့် ပြောပြချင်ပါတယ် ….

သူတို့ကို ပြောဖြစ်တယ်။
နင်ဟာ ယောကျ်ားလေးတယောက်ဆိုရင်တော့ ဘာမှ ထူးထူးထွေထွေ စဉ်းစားစရာမရှိဘူး။ ကိုယ်နဲ့ အဆင်ပြေမယ်ထင်ရင် သွားလိုက်ပေါ့လို့။ ဒါပေမယ့် မိန်းကလေးဆိုရင်တော့ စဉ်းစားစေချင်တယ်၊ နင်ဟာ အာရပ်လား၊ အစ္စလာမ်ဘာသာဝင်လား၊ အာရပ်လည်းဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်လည်းဖြစ်တယ်ဆိုရင် ကိုယ်နဲ့အဆင်ပြေမယ်ထင်ရင်သွားပါလို့။ အဲဒီလိုမှမဟုတ်ရင်တော့ Supervisor Level မဟုတ်ရင် ပိုများတယ်လို့ ထင်ရတဲ့ လစာက ကိုယ့်ဘက်က လိုက်လျောညီထွေဖြစ်အောင် အားထုတ်ရမယ့်ပမာဏနဲ့စာရင် Worthy ဖြစ်တယ်လို့ မထင်ဘူးလို့။ Supervisor Level ရဲ့လစာကတော့ သိသိသာသာများတာကိုး။

ဘာကြောင့် ဒီလိုပြောသလဲဆိုရင် at the end of the day; Saudi is Saudi ။ ခေတ်ကာလတွေ ပြောင်းလဲလာလို့ လူ့အခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေ ပိုမိုပွင့်လန်းလာတယ်ပဲဆိုဆို Saudi မှာ ဘာသာတရားနဲ့ ပတ်သတ်ရင် တင်းကျပ်တဲ့ဥပဒေတွေက ရှိနေတုန်းပါပဲ။

အထူးသဖြင့် UAE နဲ့ Qatar မှာ Emirati နဲ့ Qatari က ၁၀ရာခိုင်နှုန်းကျော်နဲ့ နိုင်ငံခြားသားက ၉၀ရာခိုင်နှုန်းနီးပါး ရှိတဲ့အတွက် နိုင်ငံခြားသား Residents တွေက Dominant ပိုဖြစ်ပါတယ်။ Host country ရဲ့ အာရပ်ဘာသာစကားကို နားလည်စရာ၊ ပြောစရာမလိုဘဲ Emirati တွေ၊ Qatari တွေကိုယ်တိုင်က အင်္ဂလိပ်လိုပြောရတဲ့ အနေအထားပါ။ Saudi မှာက အာရပ်လို ထမင်းစားရေသောက်တော့ ပြောတတ်နေဖို့ လိုပါလိမ့်မယ်။

ကျမက Passport ကိစ္စတွေကို Riyadh သံရုံးမှာပဲ လုပ်လေ့ရှိတဲ့အတွက် Riyadh ရောက်ရင် ဘာသာစကား အခက်အခဲရှိပါတယ်။ ရဲတွေကလည်း အင်္ဂလိပ်လို မပြောပါဘူး။ Uber driver တွေကလည်း အင်္ဂလိပ်လို မတတ်ကြပါဘူး။

ပြောခဲ့တဲ့အတိုင်း Saudi က Saudi ပါပဲ။ လွတ်လပ်ပြီး အပျော်အပါးနဲ့ ဘဝကို Enjoy လုပ်ချင်ရင်တော့ Saudi က အဲဒီလိုနေရာမဟုတ်ပါဘူး။ Saudi တွေတောင် နယ်မြေချင်းစပ်နေတဲ့ Qatar ကိုလာပြီး Enjoy လုပ်နေကြတာ Qatar တခွင် KSA License plate နဲ့ကားတွေချည်းပါပဲ။

ကျမ KSAကို မကောင်းပြောနေတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ သူ့ထုံးတမ်းစဉ်လာဆိုတာ ရှိပါတယ်။ သူ့နိုင်ငံကိုလာရင် သူ့စည်းကမ်းကို လေးစားရမှာ ဓမ္မတာပါပဲ။ ပြောချင်တာက သူ့ယဉ်ကျေးမှုနဲ့ ကိုယ်လာခဲ့တဲ့ မိခင်နိုင်ငံရဲ့ ယဉ်ကျေးမှု ကွာဟလွန်းနေရင်း Adaptable ဖြစ်အောင်လုပ်ဖို့ရာက အားထုတ်မှုများလွန်းပါမယ်။

ဒါကြောင့် ယောကျ်ားလေးလည်း မဟုတ်ဘူး။ အာရပ်နဲ့ မူစလင်အမျိုးသမီး မဟုတ်ဘူးဆိုရင်တော့ Emirates ကိုသွားမယ်ဆိုရင် အားပေးတယ်။ Etihad ဆိုရင်တောင် အားမပေးဘူးလို့။ EK က QRထက် လစာကောင်းပြီး QRက EYထက် ပိုလစာကောင်းပါတယ်။

UAE နဲ့ Qatar မှာတောင် ပိုက်ဆံစုမယ်ဆို Qatarက ပိုကောင်းပါတယ်။ ကျမအမြဲပြောသလိုပဲ UAEက ရန်ကုန်ဆို Qatarက ကလောပါ။ UAEမှာက Lifeကို Enjoy လုပ်စရာ Resources တွေ ပိုပေါပါတယ်။ ကုန်ပေါက်တွေပေါ့။ Living costလည်း ပိုမြင့်ပါတယ်။ Qatarကတော့ ချမ်းသာတဲ့တောမြို့လေးလိုပါပဲ။

နောက်တခုက QRမှာ Flying hours အရမ်းများပါတယ်။ ကျမဆို August လက နာရီ ၁၃၀ကျော်သွားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာက ၁၂၀ကျော်နဲ့ အခုလမှာ ခွင့်ယူထားလို့ ၁၀၀ကျော်ပါ။ Cabin Crewဆိုတာ တောင်ပံခတ်မှ ပိုက်ဆံရတာလို့ ပြောရမယ်…ပျံသန်းချိန်များလေ လစာပိုကောင်းလေပါပဲ။ ဘယ်လောက်ပဲ Hourly allowance တွေ ကောင်းနေပါစေ၊ ပျံသန်းချိန်နည်းရင် လစာနည်းမှာပါပဲ။

ပြောချင်တာက ကိုယ် Stable ဖြစ်ပြီးသား၊ အခြေကျပြီးသား နေရာကနေ တခြားတနေရာကို ပြောင်းရွှေ့ဖို့ဆိုတာ သိသာတဲ့ ပိုကောင်းတဲ့အချက်တွေ ရှိနေရပါမယ်။ The grass is always greener on the other side ပါပဲ။ ရေကြည်ရာမြက်နုရာ ရှာတဲ့နေရာမှာ တကယ်ပဲ ရေပိုကြည်တာ၊ မြက်ပိုနုတာ သေချာနေရပါမယ်။

လူဆိုတာ ကိုယ့်မှာမရှိတာကို ပိုပြီးအာရုံစိုက်တတ်ကြပြီး သူတပါးဆီမှာ ရှိတာကို အားကျတတ်လေ့ရှိပါတယ်။ တကယ်တော့ ကိုယ်မသိတဲ့ တခြားတဘက်က သူတို့ဆီမှာလည်း အားနည်းချက်နဲ့ လိုအပ်ချက်တွေ ရှိကောင်းရှိမှာပါပဲ။

ကျမ အပေါ်မှာ ပြောခဲ့တာတွေက Qatar မှာ အခြေကျပြီးသားCrewတွေအတွက် ပြောတာပါ။ မြန်မာပြည်က အခုမှ ME Airlines တွေကို Joinမယ့်သူတွေအတွက် မဟုတ်ပါဘူး။ မြန်မာတွေအတွက် ပြောတာလည်း မဟုတ်ပါဘူး။ ကျမတို့ မြန်မာတွေက ကျရာနေရာမှာ လိုက်လျောညီထွေ နေတတ်သူတွေပါ။ မိခင်နိုင်ငံရဲ့ ယဉ်ကျေးမှုကလည်း နဂိုကတည်းက အထိန်းအကွပ်တခုအောက်မှာ ရှိနှင့်နေပြီးသားမို့ သိပ်ပြဿနာမရှိနိုင်ပါဘူး။

ဒီTopic လေးကို ရေးရခြင်း အကြောင်းအရင်းက ကျမတို့ Crewတွေကြားမှာ လှုပ်လှုပ်ရွရွလေး ထပ်ဖြစ်လာလို့ပါ။

ကျမတို့လေကြောင်းလိုင်းက အခုရက်ပိုင်း Riyadh Flight တွေကို Cancelled လုပ်ထားပါတယ်။ ဒါပေမယ့် Jeddah၊ Dammam နဲ့ တခြား KSA က မြို့တွေကို ပြေးဆွဲနေတုန်းပါပဲ။ ဒါကို Crewတချို့က (ကလေးတွေကပေါ့လေ)….ငါ့ကို Riyadh သွားခိုင်းရင်တော့ လုံးဝမသွားဘူး။ ငါ့အသက်ထက် ဘယ်အရာမှ ပိုတန်ဖိုးမရှိဘူး စသဖြင့်ပေါ့လေ။ KSAတခြားမြို့တွေကိုလည်း Duty report မလုပ်ကြတဲ့သူတွေ ရှိလာပါတယ်။

အခု သူတို့ အကြောက်အကန်ငြင်းနေတဲ့ Riyadh က သူတို့အမြဲ သွားချင်ခဲ့တဲ့ Riyadh ပါပဲ။ ဒီတခါတော့ Riyadh က မြက်တွေက ပိုမစိမ်းတော့ပါဘူး။ အခုအချိန်က KSA နဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရတဲ့ Riyadh ကလူတွေကို အန္တရာယ်ကင်းရှင်းစေဖို့ ဆုတောင်းပေးနေရတဲ့အချိန်ပါ။ အကယ်၍သာ Riyadh ကိုJoinခဲ့ရင် အခုအချိန်မှာ မိသားစုတွေက ပူပန်နေကြရတော့မယ်။

ဒီလိုပြောလို့ Riyadh က အမြဲအန္တရာယ်ရှိနေမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အခုတိုက်ခိုက်ခံနေရတာဟာလည်း Temporary ပဲဖြစ်မှာပါ (ဖြစ်ပါစေ)။

ကိုယ်အားကျနေရတဲ့ သူများဘဝမှာလည်း ကိုယ်မမြင်နိုင်တဲ့ အခက်အခဲတွေဆိုတာ ရှိတတ်ကြောင်း Highlight လုပ်ချင်တာပါ။

မြန်မာပြည်က မောင်၊ညီမလေးတွေအတွက်ကတော့ …မြန်မာပြည်နဲ့ယှဉ်ရင် တကမ္ဘာလုံးကမြက်တွေက ပိုစိမ်းနေတော့ အခွင့်အရေးရတာနဲ့ထွက်လို့ပဲ ပြောရတော့မှာပါပဲ။

ဒါပေမယ့်…
ကိုယ်နဲ့ ဘယ်အရပ်က ပိုအပ်စပ်လဲ၊ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်စေချင်တယ်။ Middle East ရဲ့ ကျန်းမာရေးကတော့ ချူချာနေတဲ့အနေအထားမှာရှိနေပါကြောင်း တင်ပြရင်း။

✈️ ☪️ 🌍 🇸🇦 🇦🇪 🇶🇦 ✍️

ပို့စ်ကို Edit ပြီး Update ပြန်လုပ်ရပါတယ်။ မနေ့က ထပ်တိုက်ခိုက်ခံရလို့ပါ။ စနေနေ့ဖြစ်စဉ်က ဒဏ်ရာရသူ 309ဦးကနေ 308ဦးဖြစ်သွားပ...
12/10/2026

ပို့စ်ကို Edit ပြီး Update ပြန်လုပ်ရပါတယ်။
မနေ့က ထပ်တိုက်ခိုက်ခံရလို့ပါ။
စနေနေ့ဖြစ်စဉ်က ဒဏ်ရာရသူ 309ဦးကနေ 308ဦးဖြစ်သွားပါပြီ…တဦးက ဆုံးပါးစာရင်းထဲကို ဝင်သွားလို့ပါ။ စနေနေ့ရဲ့ ဆုံးပါးဦးရေဟာ 12ယောက်ကနေ 13ယောက်ဖြစ်သွားပါတယ်။
Same Airport ကိုပဲ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရတာပါ။ ကျန်တဲ့ Airport တွေလည်း လာမယ်လို့ ကြေငြာထားပါတယ်။ Dammam က နောက်တခါလာမယ့် Target တဲ့။ Mecca သွားရာ Jeddah နဲ့ Medina ကိုတော့ မလုပ်ဘူးတဲ့။ အင်း…….ဒီလထဲ Dammam Duty ရှိတယ်။

Saudi Arabia ရဲ့ မြို့တော် Riyadhက Riyadh International Airport ကို ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခံခဲ့ရပါတယ်….

ဗုဒ္ဓဟူးနေ့ တိုက်ခိုက်ခံရမှုမှာ ၁ဦးဆုံး၊ ၈ဦး ဒဏ်ရာရပါတယ်။ ကြာသပတေးနေ့မှာ ၃ဦးဆုံးပါတယ်၊ Saudi Arabia ရဲ့ National လေကြောင်းလိုင်းဖြစ်တဲ့ Saudia လေယာဉ်ထိခိုက် ပျက်စီးခဲ့ပြီး Saudia ရဲ့ Captain တဦး ဆုံးပါးခဲ့ပါတယ်။ စနေနေ့မှာတော့ ၁၃ဦး ဆုံးပါးခဲ့ပြီး ၃၀၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆုံးပါးသွားတဲ့သူထဲမှာ Saudi Arabia လေကြောင်းလိုင်းတခုဖြစ်တဲ့ Flynas က လေယာဉ်မယ် တဦးပါဝင်ပါတယ်။ တနင်္ဂနွေနေ့မှာ ၁ဦးဆုံး၊ ၁၁ဦး ဒဏ်ရာရပါတယ်။ RUHကို နေ့စဉ် ဆက်တိုက် တိုက်ခိုက်ခံနေရတယ်လို့ ပြောနိုင်ပါတယ်။

ကမ္ဘာအနှံ့မှာ အခြေအနေအမျိုးမျိုးကြောင့် အပြစ်မရှိတဲ့ အရပ်သားတွေ ထိခိုက်ဆုံးပါးနေတာပါပဲ။ ဒါပေမယ့် လူထဲက လူဖြစ်တဲ့အတွက် ကိုယ့်ထိရင် ပိုနာတတ်ကြစမြဲပါပဲ။

ကျမတို့ Aviation မှာ ဘယ်လေကြောင်းလိုင်းကဆိုပြီး မခွဲခြားပါဘူး။ တကမ္ဘာလုံးက Flying crew အားလုံးဟာ ကျမတို့မိသားစုတွေပါ။ ဘယ် Wings နဲ့ပဲ ပျံပျံ၊ ကျမတို့ဟာ United by wings ပါ။ သာမန်နာမကျန်းလို့ မဟုတ်ဘဲ တာဝန်ထမ်းဆောင်နေချိန်မှာ ဆုံးပါးခဲ့ကြရတဲ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။

Aviation က ညီအကိုမောင်နှမတွေ ဆုံးပါးသွားတဲ့အခါ ကျမတို့တွေ ပြောကြတဲ့စကားလေး ရှိပါတယ်…. Pilots never die, they just fly higher… Flight Attendants never die, they just fly higher !

Fly higher buddies with your lighter and silvery wings 🪽 🪽 🪽

🕊️ 🪽 🧚🏻 👼 ✈️
🖤

Saudi Arabia ရဲ့ မြို့တော် Riyadhက Riyadh International Airport ကို ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ ...
11/10/2026

Saudi Arabia ရဲ့ မြို့တော် Riyadhက Riyadh International Airport ကို ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခံခဲ့ရပါတယ်….

ဗုဒ္ဓဟူးနေ့ တိုက်ခိုက်ခံရမှုမှာ ၁ဦးဆုံး၊ ၈ဦး ဒဏ်ရာရပါတယ်။ ကြာသပတေးနေ့မှာ ၃ဦးဆုံးပါတယ်၊ Saudi Arabia ရဲ့ National လေကြောင်းလိုင်းဖြစ်တဲ့ Saudia လေယာဉ်ထိခိုက် ပျက်စီးခဲ့ပြီး Saudia ရဲ့ Captain တဦး ဆုံးပါးခဲ့ပါတယ်။ စနေနေ့မှာတော့ ၁၃ဦး ဆုံးပါးခဲ့ပြီး ၃၀၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆုံးပါးသွားတဲ့သူထဲမှာ Saudi Arabia လေကြောင်းလိုင်းတခုဖြစ်တဲ့ Flynas က လေယာဉ်မယ် တဦးပါဝင်ပါတယ်။ တနင်္ဂနွေနေ့မှာ ၁ဦးဆုံး၊ ၁၁ဦး ဒဏ်ရာရပါတယ်။ RUHကို နေ့စဉ် ဆက်တိုက် တိုက်ခိုက်ခံနေရတယ်လို့ ပြောနိုင်ပါတယ်။

ကမ္ဘာအနှံ့မှာ အခြေအနေအမျိုးမျိုးကြောင့် အပြစ်မရှိတဲ့ အရပ်သားတွေ ထိခိုက်ဆုံးပါးနေတာပါပဲ။ ဒါပေမယ့် လူထဲက လူဖြစ်တဲ့အတွက် ကိုယ့်ထိရင် ပိုနာတတ်ကြစမြဲပါပဲ။

ကျမတို့ Aviation မှာ ဘယ်လေကြောင်းလိုင်းကဆိုပြီး မခွဲခြားပါဘူး။ တကမ္ဘာလုံးက Flying crew အားလုံးဟာ ကျမတို့မိသားစုတွေပါ။ ဘယ် Wings နဲ့ပဲ ပျံပျံ၊ ကျမတို့ဟာ United by wings ပါ။ သာမန်နာမကျန်းလို့ မဟုတ်ဘဲ တာဝန်ထမ်းဆောင်နေချိန်မှာ ဆုံးပါးခဲ့ကြရတဲ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။

Aviation က ညီအကိုမောင်နှမတွေ ဆုံးပါးသွားတဲ့အခါ ကျမတို့တွေ ပြောကြတဲ့စကားလေး ရှိပါတယ်…. Pilots never die, they just fly higher… Flight Attendants never die, they just fly higher !

Fly higher buddies with your lighter and silvery wings 🪽 🪽 🪽

🕊️ 🪽 🧚🏻 👼 ✈️
🖤

09/10/2026

လူတွေမှာ Red Mind နဲ့ Blue Mind ဆိုတာ ရှိတယ်ဆိုတာ သိကြပါသလား?

Blue Mind Theory ဆိုတာ ရေနဲ့ နီးနီးကပ်ကပ် ရှိနေချိန် သို့မဟုတ် ရေထဲ ရောက်နေချိန်မှာ လူတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးပြီး စိတ်လက်ပေါ့ပါးသွားတဲ့ အခြေအနေကို ခေါ်တာပါ။ Marine biologist တစ်ဦးဖြစ်တဲ့ Dr. Wallace J. Nichols က ဒီသဘောတရားကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ခေတ်သစ်လူမှုဘဝမှာ ဖုန်း၊ ကွန်ပျူတာ၊ လူမှုရေးနဲ့ အလုပ်အကိုင် ဖိစီးမှုတွေကြောင့် လူတွေရဲ့ ဦးနှောက်ဟာ Overactive ဖြစ်လွန်းပြီး လူက ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါကိုတော့ Red Mind လို့ ခေါ်ပါတယ်။

ဒါပေမဲ့ ရေကူးကန်၊ ပင်လယ်၊ မြစ်ချောင်း ဒါမှမဟုတ် ရေတံခွန်လို ရေရှိတဲ့နေရာ ရောက်သွားတဲ့အခါ ဦးနှောက်က သဘာဝအတိုင်း ငြိမ်သက်သွားပြီး Blue Mind အခြေအနေကို ကူးပြောင်းသွားပါတယ်။

ရေနဲ့ထိတွေ့တာဟာ အပန်းဖြေဖို့ သက်သက် မဟုတ်ဘဲ စိတ်ကျန်းမာရေးအတွက် တကယ်လိုအပ်တဲ့ ကုထုံးတခုပါ။

ရေနဲ့ ထိတွေ့လိုက်တာနဲ့ ဦးနှောက်ထဲမှာ Dopamine နဲ့ Serotonin လိုမျိုး စိတ်ကို ပျော်ရွှင်စေတဲ့ Hormone တွေ ထွက်လာပါတယ်။ ရေရဲ့ အသံနဲ့ ထိတွေ့မှုတွေဟာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျှော့ချပေးပါတယ်။

Dr. Wallace J. Nichols ရဲ့ လေ့လာမှုတွေအရ Blue Mind ဆိုတာ ပင်လယ်၊ မြစ်၊ ရေကူးကန်လို နေရာတွေ သွားမှ မဟုတ်ပါဘူး။ ရေချိုးခန်းထဲမှာ ရေပန်းနဲ့ ရေချိုးတာ (Shower) ဒါမှမဟုတ် Bathtub ထဲရေစိမ်တာတို့လိုနေ့စဉ် ရေနဲ့ ထိတွေ့မှုတိုင်းဟာ ဦးနှောက်ကို Blue Mind အခြေအနေကို ပို့ပေးနိုင်ပါတယ်။

ကျမတို့ တခါတလေ ခေါင်းထဲမှာ စိတ်ရှုပ်စရာတွေ ပြည့်ပြီး စိတ်တိုလွယ်၊ စိတ်မရှည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဦးနှောက်ထဲမှာ Red Mind ကြီးစိုးနေလို့ပါ။ ဒီလိုဖြစ်လာရင် အကောင်းဆုံးကတော့ ရေနားသွားဖို့ပါပဲ။

ပင်ပန်းနေတဲ့ အခိုက်အတန့်တိုင်းမှာ ကိုယ့်ကိုယ်ကို Blue Mind အချိန်လေး ပေးဖို့ သတိပေးလိုက်ပါတယ်….။

⁠ ⁠ ⁠ 💦 🏊🏼 🚿 🛀 💧
✍️

သောမကြွက်မင်းနိုင်ငံသို့တခေါက်October လ Dutyအချိိန်ဇယား ထွက်ကတည်းက ရလာတဲ့ Moscow Dutyကို ကြိုးစားပမ်းစား နေ့တိုင်းနီးပါး...
08/10/2026

သောမကြွက်မင်းနိုင်ငံသို့တခေါက်

October လ Dutyအချိိန်ဇယား ထွက်ကတည်းက ရလာတဲ့ Moscow Dutyကို ကြိုးစားပမ်းစား နေ့တိုင်းနီးပါး သူများနဲ့ လဲခဲ့တယ်…ဘယ်သူကမှ မယူဘူး။

Russia 🇷🇺 ကို လုံးဝမသွားချင်ခဲ့ဘူး။
အထူးသဖြင့် ကိုယ်က Social media နဲ့ ကင်းကွာရင် ရေမရတဲ့ငါးလို ဖျတ်ဖျတ်လူး။
မာတာမိခင်နဲ့ကလည်း ၁၀မိနစ်ခြားတခါလောက် Messenger က Voice message ပို့ပြီး စကားပြောတာမို့ Facebook messenger ကလည်း မရှိမဖြစ်။

ဒါပေမယ့်လည်း ရောက်သွားလေသတည်းပေါ့။

အစကတည်းက Company က ကြိုပြီး သတိပေးထားပြီးသား။ Russia 🇷🇺 မှာ International Bank Card တွေ သုံးလို့မရဘူး။ Cash ကိုလည်း Currency Exchange တွေမှာလဲပြီး Russian Rubel ပဲ သုံးလို့ရတယ်ဆိုတာ သိထားပြီးသား။

ကိစ္စမရှိဘူး။ နာရီ၃၀ပဲနေမှာဆိုပြီး Suitcase ထဲမှာ စားစရာတွေအပြည့် ထည့်လာတယ်။ Pasta၊ ထမင်း၊ ပုဇွန်ကြော်၊ ကြက်ဥပြုတ်၊ နို့ဘူး၊ ဘီစကစ်၊ Cheese ၊ Cereal နဲ့ ကော်ဖီ စုံပလုံကိုစိလို့။

ဟိုတယ်မှာ ပါလာသမျှ အစားအသောက်တွေ စားရင်း၊ VPN ကြိုးစားချိတ်…Social media တွေ သုံးရင်း အခန်းအောင်းပြီး နေခဲ့တယ်။

မြန်မြန်ပြန်ချင်ပါတယ်ဆိုမှ ပြန်ရမယ့် လေယာဉ်က Delay ဖြစ်တယ်။ လေဆိပ်ရောက်တော့ လေယာဉ်က မဆိုက်သေးဘူး။ ဒါနဲ့ Captain က နာရီဝက်အချိန်ရတယ်၊ Shopping လုပ်ချင်လုပ်၊ ကော်ဖီဆိုင် ထိုင်ချင်ထိုင်ဆိုပြီး ပြောတော့ အစုလိုက် အစုလိုက် လေဆိပ်ထဲ လျှောက်ပတ်ကြလေသတည်းပေါ့။

ပြဿနာက ဘယ်သူ့မှာမှ Russian Ruble မပါကြဘူး။ ပိုက်ဆံမရှိပါဘူးဆိုမှ ဗိုက်တွေက ချက်ချင်းကို ထဆာကြတာ။

ဆိုင်တွေမှာ “International card လက်ခံလား “ ဆို “No”, “Dollar တို့ Euroတို့ လက်ခံလား” ဆိုလည်း “No” ပဲ။ ဟိုဆိုင်ဝင်မေးလည်း No၊ ဒီဆိုင်ဝင်မေးလည်း No။

အုပ်စုလိုက်ကြီး တဆိုင်ဝင်တဆိုင်ထွက်နဲ့။ Uniform တွေနဲ့ မြင်ယောင်သာကြည့်။ ကမ္ဘာ့ထိပ်တန််း လေကြောင်းလိုင်းက 5-Star Cabin Crewတွေ။

တယောက်က ပြောတယ်…ငါအရမ်းရှက်နေပြီ၊ လိုက်မေးမနေပါနဲ့တော့ တဲ့။
လူ့စိတ်က တခါတလေ အကျင့်ပုတ်ပါတယ်။ ပိုက်ဆံမရှိပါဘူးဆိုမှ မြင်သမျှကို စားချင်စိတ်ဖြစ်တာပါ။

ကိတ်မုန့်တွေ ထည့်ထားတဲ့ကောင်တာရှေ့မှာ အုပ်စုလိုက်ကြီး ရပ်ပြီး ဒီCheese cake 🍰 က အပေါ်မှာ Whipping Cream ကို Burn လုပ်ထားပြီးမှ White chocolate လေးတွေကို အလွှာလေးတွေကပ်၊ Almond ချပ်လေးတွေ ဖြူးထားတာ အတော်စားလို့ကောင်းမှာ။ ဒီCake က Flavor ကို 3 layersနဲ့ …Dark chocolate ရော Vanilla ရောပါတယ် စသဖြင့် တစိမ့်စိမ့် ရပ်ကြည့်ရင်း ပြောနေကြတာ။ တဆိုင်လည်း မဟုတ်ဘူး၊ ဆိုင်ပေါက်စေ့ သွားရင်း၊ ကြည့်ရင်း ပြောကြတာ။

ခါတိုင်း ကိတ်မုန့်တွေဆို တဇွန်းထပ် ပိုမစားတတ်တဲ့ကိုယ်တောင် ဘယ်လိုတွေ ချဉ်ခြင်းတပ်လာတယ် မပြောတတ်ဘူး၊ မြင်မြင်သမျှ အကုန်စားချင်တာ။ ဦးနှောက်ကလည်း အစာအိမ်ကို သောက်ကျင့်ပုတ်ပြီး Message ပေးတယ်၊ ဗိုက်ဆာတယ်လို့ ပြောတဲ့။

တဆိုင်လည်း ရောက်ရော ဆိုင်းဘုတ်တခုတွေ့တယ်။ Ali pay လက်ခံတယ်တဲ့။ Ali pay ဆိုတာ China 🇨🇳 မှာ သုံးတဲ့Pay တမျိုး။ အဲဒါနဲ့ ဝမ်းသာအားရ Phone ထဲက Ali pay app ကို ဖွင့်တော့ မရဘူး။ မသုံးတာကြာလို့ ပြန်install လုပ်ပါတဲ့။ China 🇨🇳 ကိုလည်း Russia 🇷🇺 လိုပဲ ကိုယ့်ဟာကိုယ် တကိုယ်ရည် Boycott လုပ်ထားလို့ မသွားတာကြာပြီလေ။

Ali pay App ကို ပြန်install လုပ်ဖို့ရာက အင်တာနက်က မရဘူး။ ကိုယ်တွေ International ESIM တွေက Russia 🇷🇺 ဝင်ကတည်းက Roaming restricted အလုပ်ခံထားရတာလေ။

ဒီလိုနဲ့ Airport က Free WiFi ကို ကြိုးစားပမ်းစား Registerလုပ်ပြီး Ali Pay ကို ပြန်install လုပ်၊ ဝမ်းသာအားရနဲ့ Crewတွေကို ငါAli Pay ရပြီ ၊ စားချင်တာစားကြ၊ ငါဝယ်ကျွေးမယ်ဆိုတော့ ကလေးတွေက ပျော်ပြီး ဆိုင်ထဲဝင်၊ မုန့်တွေရွေးပေါ့။ ငွေလည်း ရှင်းမယ်လုပ်ရော Ali pay လက်မခံဘူးတဲ့။ Uni pay မှတဲ့။ နင်တို့ရေးထားတယ်လေ ဆိုတော့။ No no , Uni pay Uni pay တဲ့။ ကဲ….ကိုင်ထားတာလေးတွေ ပြန်ချ။

ကောင်လေးတယောက်က ဝမ်းသာအားရ ထအော်တယ်။ ငါ့အိတ်ထဲမှာ ရူဘယ် တရာတွေ့တယ်တဲ့။ (ကျမတို့တွေမှာ နိုင်ငံအစုံက Currency အတိုအစ၊ အကြွေလေးတွေ ရှိတတ်ပါတယ်)။ သူ့တရာနဲ့ ဘာရနိုင်မလဲ လျှောက်ကြည့်တော့ တောင်းကြီးအကြီးကြီးထဲမှာ Bagel 🥯 တွေ စုပြုံထည့်ထားတာတွေ့တယ်။ ရူဘယ် တရာဆိုတာ တဒေါ်လာပဲမို့ ကျမတို့ ဘာမှမရနိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် Bagel ဆိုတာက အင်မတန်စျေးပေါတဲ့ Just bread 🥯 မို့ ရများရနိုင်လေမလားပေါ့။

ကောင်လေးက ဆိုင်ထဲဝင်ပြီး သွားမေးတယ်။ ကျမတို့အုပ်စုကတော့ မျက်ဝန်းထဲမှာ မျှော်လင့်ချက်တွေနဲ့ အပြင်က စောင့်နေတာပေါ့။

ကောင်လေး ပြန်ထွက်လာတယ်။
“သောက်တလွဲဆိုင်၊ ဒီပေါင်မုန့် အညံ့စားကိုများ ၆၀၀တဲ့”
ကျမတို့ မျက်နှာလေးတွေ ပြန်ငယ်သွားကြပါတယ်။

ဒီလိုနဲ့ပဲ စကားလေးပြောရင်း မှန်ကောင်တာတွေ ထဲက ကိတ်မုန့်တွေကို ငေးရင်း လျှောက်လာရင်းက ကောင်လေးရဲ့ နောက်က ပြေးလိုက်လာတဲ့ ခြေသံနဲ့အတူ ဝမ်းသာအားရ အသံကြားလိုက်ရပါတယ်။ “ဟေ့ … ငါ တရာတန်မုန့်တခုရလာတယ် ။ ငါတို့ ၄ယောက်ခွဲပြီး စားကြမယ်” တဲ့။ သူ့အိတ်ထဲ မုန့်ထုတ်လေးကို ထုတ်ပြတယ်….
လမုန့်sizeထက် သေးတဲ့ ဂုံညှင်းဒိုးသာသာ မုန့်လေး။

“နင့်ဟာနင် စားပါဟယ်။ ငါတို့ အဲ့လောက်လည်း ဗိုက်မဆာပါဘူး” ဆိုတော့ ၊ “မရဘူး ငါ၄စိတ် စိတ်ပြီးသွားပြီ၊ စားရမယ်”တဲ့။ ကျမ လက်ထဲ လက်မဝက်လောက် အပိုင်းလေး ရောက်လာပါတယ်။ မုန့်က စားမကောင်းပါဘူး။ တရာတန် snack အထုပ်လေးက ဘယ်လိုအရသာကို ပေးနိုင်မှာမို့လို့လဲ။ ဒါပေမယ့် ပါးစပ်မှာ မချိုမြိန်ပေမယ့် ရင်ထဲကပီတိကတော့ ချိုမြိန်ပါတယ်။

အုပ်စုခေါင်းဆောင်ဖြစ်တဲ့ကျမ…Plan တခုကို ချပြလိုက်ပါတယ်။
“ငါတို့ Gateကို ပြန်သွားကြမယ်။ ငါတို့လေယာဉ်ကိုစီးမယ့် ခရီးသည်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှု သွားလုပ်မယ်။ အဲဒီတော့ နင်တို့က သဘောထားပျော့ပြောင်းမယ့် လူကို ရွေး။ ငါက မေးပေးမယ်”….. “ရှင်တို့ လေယာဉ်ပေါ်မှာ ဘာသောက်မလဲ ရှန်ပိန်၊ ဝီစကီ၊ ဝိုင်နီ၊ ဝိုင်ဖြူ၊ ဂျင်၊ ရမ်၊ ဗော့ဒ်ကာ၊ Beer၊ Baileys ကြိုက်တာပြော၊ ဆက်တိုက် တိုက်မယ်၊ အခု ကျမတို့ကို မုန့်ဝယ်ကျွေး။ ဒါမှမဟုတ် ကြက်သားနဲ့ထမင်း စားမယ်ဆို အမဲသားနဲ့ခေါက်ဆွဲ အပိုပေးဦးမယ်၊ အခု ဟိုဆိုင်က ကိတ်မုန့်ဝယ်ကျွေးရင်။ အဲဒီလိုမှ မဟုတ်ရင်တော့ ရှင်တို့စားချင်တဲ့ meal option လေယာဉ်ပေါ်မှာ ခုကတည်းက ကုန်နေပြီမှတ်။ ကြက်သားရွေးရင် အမဲသားပဲရမယ်။ အမဲသားရွေးရင် သက်သတ်လွတ်ပဲ ရမယ်။ အရက်လည်း ခွဲတမ်းနဲ့ပဲ တိုက်မယ်” ….”ဘယ်လိုလဲ၊ အဲဒီအစီအစဉ်ကောင်းလား” ဆိုတော့ အားလုံးက ထောက်ခံကြတယ်။

ဒါပေမယ့် အစီအစဉ် အထမမြောက်လိုက်ပါဘူး။ ခရီးသည်ရုပ်တွေက သူတို့ဘုရင် သောမကြွက်မင်းအားကိုးနဲ့မို့လား မသိ၊ ရှုတည်တည် ခပ်တင်းတင်းနဲ့မို့ ကျမတို့လည်း ကြောက်ပြီး မမေးရဲခဲ့ဘူး။

ဒီလိုနဲ့ပဲ လေယာဉ်ပေါ်ရောက်တော့ Crewတွေဆိုတာ ကြွက်တွေ ကြောင်အိမ်ထဲ တိုးကြသလို ခေါက်ဆွဲဘူးထပြုတ်တဲ့သူနဲ့၊ ကွေကာအုတ် ထဖျော်တဲ့သူနဲ့၊ လက်ထဲမှာ Chocolate တဘက် Cheese တဘက် ဘယ်ညာ စုံကိုက်နေတဲ့သူနဲ့၊ Cappuccino, Hot chocolate ☕️ ထဖျော်တဲ့သူနဲ့၊ မသိရင် စစ်အတွင်းမှာ အစာငတ်ရေငတ်ခဲ့တဲ့ပုံမျိုး။

ဪ….စိတ်၊ စိတ်
မရဘူးဆို လိုချင်တယ်
မရှိဘူးဆို ရချင်တယ်……။

(ခရီးစဉ်တခုအကြောင်း အမှတ်တရ ရေးတာပါ။ အပျော်အနေနဲ့သာ ဖတ်ပါ။ အလေးအနက် အတည်အတံ့အကြောင်းအရာများ မပါဝင်ပါ)

🇷🇺 🐭 👑 🗣️

စိတ်ဝင်စားစရာ Debate လေး တခု တွေ့ခဲ့ရပါတယ်…. ကျမ အမြဲကြည့်ဖြစ်တဲ့ Video အတိုလေးတခုကပါ။ ပုံမှန်ဆို Comment တွေ ဝင်ဖတ်လေ့မ...
07/10/2026

စိတ်ဝင်စားစရာ Debate လေး တခု တွေ့ခဲ့ရပါတယ်….

ကျမ အမြဲကြည့်ဖြစ်တဲ့ Video အတိုလေးတခုကပါ။ ပုံမှန်ဆို Comment တွေ ဝင်ဖတ်လေ့မရှိပေမယ့် ဒီContent ကိုတော့ စိတ်ဝင်စားလို့ ဖတ်မိပါတယ်။

အမေရိကန်နိုင်ငံသားတဦးက သမိုင်းဝင်ပုဂ္ဂိုလ်တွေ၊ ရှေးခေတ်ကလူတွေ စားသောက်ခဲ့ကြတဲ့ အစားအသောက်တွေကို ပြန်ချက်ပြပြီး စားသောက်ပြလေ့ရှိပါတယ်။ ရောမခေတ်က ရောမတွေ စားတဲ့အစားအစာ၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ စားသောက်ခဲ့တဲ့ အစားအစာ စသဖြင့်ပေါ့။

ကျမ စိတ်ဝင်စားမိတဲ့ Debate ရဲ့ Content ကတော့ “ဗုဒ္ဓနောက်ဆုံးစားခဲ့တဲ့ အစားအစာ”တဲ့။

ကျမတို့ သိကြတာက မြတ်ဗုဒ္ဓဟာ စုန္ဒ ကပ်လှူတဲ့ ဝက်ပျိုသားကို ဘုဉ်းပေးသုံးဆောင်ပြီးနောက် ဝမ်းသွေးသွန်ဝေဒနာနဲ့ ပရိနိဗ္ဗာန်ပြုခဲ့တာပေါ့။

ဒါပေမယ့် အဲဒီအမေရိကန်က ချက်ပြီး စားပြတာက မှိုတွေ 🍄‍🟫 🍄‍🟫
အဲဒီမှာ Debate က စတာ။
ထူးခြားတာက Mushrooms စားခဲ့တာလို့ ပြောတဲ့ဘက်က တော်တော်များပြီး Pork ပါလို့ ပြောတဲ့သူက နည်းတာကို တွေ့ရတယ်။

ဗုဒ္ဓဘုဉ်းပေးခဲ့တာက မြန်မာအသံထွက်နဲ့ဆို “သူကရမဒ္ဒဝ”၊ ပါဠိလိုဆို “sūkara-maddava” ။ တိုက်ရိုက်ဘာသာပြန်ရင် sūkara က pig 🐖 သို့မဟုတ် boar 🐗 ၊ maddava က soft ဒါမှမဟုတ် tender ။ အဲဒီလိုဆိုရင်တော့ နူးညံ့တဲ့ဝက်သား ပေါ့လေ။

ဒါပေမယ့် Mushrooms ဘက်သားတွေက ဘာပြောလဲဆိုရင် ဝက်ရဲ့အသား ဝက်သားကို ပါဠိလို Sūkara-Maddava လို့ မခေါ်ပါဘူးတဲ့။ ဝက်သားကို Sūkara-Mamsaလို့ ခေါ်ပါသတဲ့။ (ဝက်ဟာ Pig ဖြစ်ပေမယ့် ဝက်သားကျတော့ Pork ဖြစ်သလိုပေါ့) Mamsa က အသား(Flesh) ပါတဲ့။

Sūkara-Maddava ကို တိုက်ရိုက်ဘာသာပြန်လို့ မရပါဘူးတဲ့။ ဖြစ်နိုင်တာက Pig’s delight - ဝက်တွေ ကြိုက်လို့ တူးဆွစားသောက်တတ်တဲ့ နူးညံ့တဲ့ မြေအောက်မှိုတမျိုး : Mushrooms ဒါမှမဟုတ် Truffles လို့ ပြောကြပါတယ်။

ဒါနဲ့ပဲ အင်မတန် စူးစမ်းရတာ ဝါသနာကြီးတဲ့ကျမက မဟာပရိနိဗ္ဗာနသုတ်ကို သွားလှန်လှောပါတယ်။ အဲဒီမှာတော့ “နူးညံ့သောဝက်သား” လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီ မဟာပရိနိဗ္ဗာနသုတ်မှာပဲ “သူကရမဒ္ဒဝ”ဆိုတာ နွားနို့အရသာငါးမျိုးနဲ့ ကြိုချက်ထားတဲ့ နူးညံ့တဲ့ထမင်း လို့လည်း အဋ္ဌကထာမှာ ဖော်ပြထားတယ်လို့လည်း ပြန်ရှင်းပြထားပြန်ပါတယ်။

Mushrooms ဘက်သားတွေထဲမှာ သက်သက်လွတ်စားတဲ့ မဟာယာနဗုဒ္ဓဘာသာဝင်တွေ အများကြီးပါသလို သူတို့က ဗုဒ္ဓကို အသားမစားတဲ့ သက်သက်လွတ်သမားအဖြစ် ပုံဖော်ချင်တာကိုး။

ထေရာဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ ဗုဒ္ဓဟာ အသားစားတယ်၊ သက်သက်လွတ်စားဖို့ မပညတ်ခဲ့ဘူးဆိုပြီး ဝက်သားဘက်ကပေါ့။

ကျမကတော့ အသားမစားသူ ဖြစ်တာရယ်၊ Sūkara-Maddava ကို အယုဒ္ဓယက ပန်းချီတခုမှာ ပုံဖော်ထားတဲ့ ဝက်ကလေးကို မြင်ပြီး စိတ်မသက်သာတာရယ်၊ ဝက်ပျိုသားဆိုတာ Piglet (ဝက်ပေါက်ကလေး) သို့မဟုတ် ဝက်မြေမနင်းသားလေးများ ဖြစ်နေမလားဆိုပြီး ပေါက်ပေါက်ရှာရှာ တွေးမိတာကလည်း တကြောင်းကြောင့် (အင်မတန်နူးညံ့တယ်လို့ ဆိုတာကိုး။ သာမန်အားဖြင့် ဝက်သားက နူးဖို့အကြာကြီး ချက်ရတာကိုး) Mushroomsကို ပိုဖြစ်စေချင်ပါတယ်။

နောက်တခုကလည်း …တွေးကြည့်တာပါလေ….
ကျမတို့ ဝက်မြေစာဥ လို့ခေါ်တဲ့ Water-chest nuts လို သဘောများလားလို့။ ဝက်မြေစာဥလို့ ခေါ်ပေမယ့် ဝက်သားတော့ မဟုတ်ဘူးလေ။ မြေအောက်မှာ ရွှံ့နွံတွေထဲမှာ ရှိပြီး အိမ်ဝက်တွေ တောဝက်တွေ တအားကြိုက်လို့ နှာခေါင်းနဲ့ တူးဆွစားသောက်တတ်တဲ့ vegetable တမျိုးပေါ့။ ဒါကြောင့် Sūkara-Maddava ဟာ ဝက်တွေ တူးဖော်ပြီး စားသောက်တတ်တဲ့ မှိုတမျိုးများလားပေါ့။ မှိုကလည်း အင်မတန်နူးညံ့တဲ့အထဲမှာ ပါတာကိုး။

ဗုဒ္ဓ အဲဒီဆွမ်းစားပြီး ဝမ်းသွားတာဟာ မှိုက Poisonous ဖြစ်ပြီး Food poisoning ဖြစ်ခဲ့တာများလားပေါ့။ ဗုဒ္ဓက ဒီဆွမ်းကို စားရင် ဒါဖြစ်မယ်ဆိုတာ ကြိုသိပြီး စုန္ဒကို “ငါ့ကို သူကရမဒ္ဒဝကို ကပ်၊ ကျန်တဲ့ သံဃာတွေကို တခြားဟင်းကပ်” လို့ မိန့်တာကိုး။ ဘုဉ်းပေးပြီးတော့လည်း ဒီဟင်းဟာ နတ်တွေ ဗြဟ္မာတွေ စားရင်တောင် အစာကြေမှာမဟုတ်ဘူး၊ “မြတ်စွာဘုရားမှတစ်ပါး ကောင်းစွာ အစာကြေအံ့သော ပုဂ္ဂိုလ်ကိုငါမမြင် မတွေ့ရချေ”ဆိုပြီး မြေမြှုပ်ခိုင်းခဲ့သေးတာ။ အရမ်းနူးညံ့ပါတယ်ဆိုတဲ့ အသားက Indigestion ဖြစ်နိုင်ပါ့မလားပေါ့လေ၊ မှိုကပဲ အစာအဆိပ်သင့်တယ်လို့ ထင်မိတာပဲ။

ကိုယ်ထင်တာတခုထဲနဲ့တော့ ဗုဒ္ဓဝင်ကို ခြယ်လှယ်နေတာ မဟုတ်ပေမယ့် တခါတလေကျတော့ အင်မတန်လက်တွေ့ကျတဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ဆန့်ကျင်တဲ့၊ သဘာဝမကျတဲ့ ဗုဒ္ဓဝင်တွေကိုလည်း သဘာဝကျစေချင်မိပြန်ပါရော။


🐖 🐗 🍄‍🟫 💭

06/10/2026

ကဲ…
မပြောမပြီး မတီးမမြည် ပြောရရေးရဦးမယ်..

ကျောထောက်နောက်ခံ အရှင်ဘုရားများ နားခဏပိတ်ပေးပါ 🙏🏻 (Credit Linn Linn)
ကျမ Page ကို အမြဲလာလည်ကြသော ဂုဏ်သရေရှိ အန်ကယ်တို့ အန်တီတို့ ခဏကျော်သွားပေးပါ🙏🏻

“ကျမ မင်းမျိုးမင်းနွယ် မဟုတ်ပါ…” ဆိုတဲ့ ပို့စ်နဲ့ ပတ်သတ်ပြီး ဘာလို့ Comment ပိတ် ပြေးတာလဲ၊ မန့်ပိတ်ပြီး ရေးချင်တာရေးနေတယ် စသဖြင့် တချိန်လုံး လာပြောနေလို့ပါ။

ပထမဦးဆုံး ပြောချင်တာကလေ….
ကျမ ရေးချင်တာတွေ ရေးတင်ဖို့ တကူးတကကို Page ဖွင့်ထားတာပါ။ ဗဟုသုတရစရာတွေပဲ ရေးတင်တယ် ထင်မှာစိုးလို့ တချိန်လုံး တဖွဖွ “ကျမက ရေးချင်တာရေး၊ တင်ချင်တာ တင်တာပါ”၊ ဗဟုသုတဖြစ်စရာ ဝေငှဖြစ်တယ်ဆိုရင်လည်း “မိတ်ဆွေတို့ မဖတ်မိလိုက်တဲ့စာကို ကျမက ဖတ်မိလိုက်လို့ ပြန်ဝေငှတဲ့သဘောပါပဲ၊ တနည်းအားဖြင့် စာအတူတူ ဖတ်ကြတဲ့သဘောပါ” လို့ အမြဲပြောပါတယ်။

ကျမအတွက် Follower မလိုဘူးဆိုတာလည်း ထပ်ခါထပ်ခါ ပြောပါတယ်။ အခုလည်း ထပ်ပြောပါမယ်၊ ကျမအတွက် Follower မလိုလို့ Follow မလုပ်ကြပါနဲ့။

ဒါဖြင့် နင်ဘာလို့ Page ဖွင့်ပြီး Public post တွေ ရေးနေသလဲဆို Friends တွေကို အားနာလို့ပါ။ ကျမက Personal account မှာ Facebook စသုံးကတည်းက “စာအရှည်ကြီး”တွေ ရေးလာတာပါ။ Friends ဖြစ်နေတော့ ကျမစာတွေ မမြင်ချင်လည်း မြင်နေရ၊ unfollow ရင်လည်း မကောင်းတတ်၊ unfriend ရင်လည်း ကျမသိပြီး မိတ်ပျက်မှာစိုးတဲ့ Friends တွေအတွက်ပါ။ Page ဆိုတော့ မFollow ထားရင် မမြင်ရဘူး။ မြင်လိုက်ရလည်း ချက်ချင်း တန်းBlockလိုက်လို့ရတယ်လေ။

“မင်းမျိုးမင်းနွယ်”ကိစ္စ ပြန်သွားရရင် ကျမရေးထားတာကို သေချာမဖတ်တဲ့ လူတွေကပဲ ကျမကို Comment ရေးလို့ရတဲ့ပို့စ်တွေမှာ ဆဲလိုက်၊ messenger မှာ လာဆဲလိုက်၊ share ပြီး ဆဲလိုက် လုပ်နေကြတယ်ထင်ပါတယ်။

ဆဲတကာ့ဆဲနည်းတွေထဲမှာ Share ပြီး ဆဲတဲ့နည်းကို ကျမသဘောကျပါတယ်ရှင်။ ကိုယ့်Rights နဲ့ကိုယ်မို့ပါ။ ကြိုက်သလို ပျစ်ပျစ်နှစ်နှစ်၊ မှိုချိုးမျှစ်ချိုး၊ တစ်တစ်ခွခွဆဲပါ။ ကိုယ့်အကုသိုလ်၊ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်လုပ်ရပ်ပါပဲ။

ကျမ ပို့စ်က Comment section မှာ လာဆဲတာတို့၊ messenger မှာ လာဆဲတာတို့ကျ ကျမ Rights ကို ထိခိုက်တာ ဖြစ်တဲ့အတွက် ကျမပိတ်
ပင်ခွင့် ရှိပါတယ်။

နောက်တခုက …
တရားလည်း မတရားဘူးလေ။
ကျမက ဘယ်သူပါ၊ ဘယ်မှာနေပါတယ်၊ ဘာအလုပ်လုပ်ပါတယ်၊ အဖေဘယ်သူ၊ အဖိုးဘယ်သူပါ၊ ဆိုပြီး မိန်းမတန်မဲ့ ကိုယ့်ရပ်တည်ချက်ကို ကိုယ် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ချပြရေးပြနေတဲ့အချိန်မှာ ယောကျ်ားတွေက Account အတုတွေရယ် Profile lock တွေချထားတဲ့ Account တွေနဲ့ တိုက်ခိုက်တာကျတော့ Fair မှ မဖြစ်ပဲ။

ကျမက မတရားမှုကို မုန်းလွန်းလို့ မတရားခံရတဲ့ဘက်က ဘယ်သူပဲမုန်းမုန်း အမုန်းခံပြီး ရပ်တည်လာတာ ကျမကို Personally သိတဲ့သူတွေ အကုန်သိပါတယ်။

“မင်းမျိုးမင်းနွယ်” ပို့စ်လည်း ဒီလိုပဲ။
ကျမရေးထားတဲ့ ဆောင်းပါးသည် ပဒေသရာဇ်စနစ်ဟာ မကောင်းမှန်း လူတိုင်းလက်ခံသလို ကျမလည်း လက်ခံတယ်။ အဖေသတ်၊ အကိုသတ်ပြီး နန်းလုကြတာတွေ ခေတ်အဆက်ဆက် နိုင်ငံအသီးသီးမှာရှိတယ်။ ကျမအဓိက သမိုင်းအချက်အလက်နဲ့တကွ ထောက်ပြထားတာသည် “သီပေါမင်း” နဲ့ “စုဖုရားလတ်” ဟာ မြန်မာနိုင်ငံ ကိုလိုနီ ဖြစ်သွားရခြင်းရဲ့ တရားခံ မဟုတ်ကြောင်းပဲ။ ဘယ်သူ ဘယ်လိုပဲ တိုက်ခိုက်ပါစေ၊ ကျမကတော့ ဘုရင်နဲ့ မိဖုရားကို ၁၉နှစ်အရွယ်မှာ အူကြောင်ကြောင်နဲ့ ဖြစ်လာရတဲ့ သူတို့နှစ်ယောက်ကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး။ ၁၉နှစ်ဆိုတာ တချို့သော နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ Legal age တောင်မဟုတ်ဘူး။

မြန်မာမင်းဆက်တလျှောက် တိုင်းသူပြည်သားတွေကို ဂုတ်သွေးစုပ်တယ်၊ စည်းစိမ်ယစ်ပြီး ဘာညာပေါ့….အဲဒါ ပြီးခဲ့ပြီလေ။ လက်ရှိမျိုးဆက်က ဘာလို့ ရှေ့ကလုပ်ခဲ့သမျှ အပြစ်မရှိဘဲ လည်စင်းခံနေရမှာလဲ။ လူသတ်သမားရဲ့ သားသမီးမို့၊ မုဒိမ်းသမားရဲ့ သားသမီးမို့ ရောပြီး အပြစ်ပေးတယ်ဆိုတာ ဒီခေတ် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ မရှိတော့ပါဘူး။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမပဲ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက ဝေဖန်တာနဲ့ အယုတ္တအနတ္တ ဆဲရေးတိုင်းထွာတာ မတူပါဘူး။ အဆင့်အတန်းရှိရှိ Subjective မဖြစ်တဲ့ ဝေဖန်မှုမျိုးကတော့ လူတိုင်းဝေဖန်ခွင့် ရှိပါတယ်။

Media တွေက တချိန်လုံးတင်ပြီး ဘာဆွဲချချ ဒါပဲကျကျလာတာ ကျမလည်း မျက်စိနောက်ပါတယ်။ ဒါကလည်း ရှင်တို့ ဝင်ဝင်ဆဲလို့ Engagement တက်တယ်ဆိုပြီး Earning များများဝင်တဲ့ Subject ကို ခဏခဏတင်ကြတဲ့သဘောပါပဲ။

Public post ရဲ့ သဘောတရားလေးကို ပြောပြချင်ပါတယ်….
Public post ဆိုတာ စတုဒိသာကျွေးတဲ့သဘောပါပဲ။ ပညာတတ်တွေ သူဌေးတွေလည်း ဝင်စားလို့ရတယ်၊ သူတောင်းစားလည်း ဝင်စားလို့ရတယ်။ စားသောက်ဖွယ် တည်ခင်းထားတဲ့ စားပွဲမှာ စားတာ သောက်တာပဲ လုပ်ရမှာ။ အဲဒီလိုမှ မဟုတ်ဘဲ စားပွဲပေါ် ချီးတက်ထိုင်ပြီး ပါချရင် မောင်းအထုတ်ခံရမှာပဲ။ အဲဒါကို Block တယ်လို့ ခေါ်တယ်။ ဒါကိုမှ ငါ့ကိုကြောက်ပြီး Block သွားတယ်ဟေ့ ဆိုပြီး ထင်နေရင်တော့ အကြီးကြီး မှားနေပြီ။

Public post မို့ ဝင်ရေးပိုင်ခွင့်ရှိလို့ ဝင်ရေးတာလို့ လာလာပြောကြသူများလည်း….Facebookဆိုတာ အများပြည်သူပိုင် လမ်းမကြီးပါ။ အဲဒီလမ်းမကြီးရဲ့ တဘက်တချက်မှာ Account တို့ Pageတို့ဆိုတဲ့ ပုဂ္ဂလိကပိုင်တွေ ရှိပါတယ်။ အများပြည်သူပိုင်လမ်းမှာ ဖင်လှန်ပြီး ဆဲပြနေလည်း ကိုယ့်အဆင့်အတန်းနဲ့ ကိုယ်ပါပဲ။ ကျမတို့ တားပိုင်ခွင့်မရှိပါဘူး။ ရပ်ရွာဥပဒေအရ ရဲက၊ ရပ်ကွက်လူကြီးက အပြစ်ပေး၊ အရေးယူချင်ရင် ယူပါလိမ့်မယ်…ဒါကတော့ Facebook Team ရဲ့ လုပ်ဆောင်ချက်ပေါ့။ ဒါပေမယ့် ကျမတို့ရဲ့ ကိုယ်ပိုင်ဝင်း၊ ခြံထဲတော့ ဝင်ပြီး ဖင်လှန်ဆဲချင်လို့မရပါဘူး။ ဒါက Comment ပိတ်ထားတဲ့ သဘောကို ပြောပြတာပါ။ ငါဖင်လှန်ဆဲချင်လို့ ဝင်းတံခါးလေး ဖွင့်ပေးပါလို့တော့ ပြောခွင့်မရှိဘူးလေ။ လမ်းဘေးမှာ ဖင်လှန်ပြရတာ အားမရလို့ တိုက်တွေခြံတွေထဲ ဝင်ပြီး ဖင်လှန်ပြချင်ရင် တိုက်တွေ၊ ခြံတွေကို ဓာတ်ပုံလေးရိုက်သွား၊ ကိုယ့်အိမ်မှာ ဓာတ်ပုံကို စင်လေးနဲ့တင်ပြီး လှန်လှန်ပြ။ ဒါက ကိုယ့် wall မှာကိုယ် share ပြီး ဆဲတဲ့နည်း။

ကျမဆိုရင်တော့ ကျက်သရေယုတ်တာတွေ ကိုယ့်wall အညစ်ပတ်ခံပြီး မတင်ပါဘူး။ အခု ကျမရေးနေတာတွေလည်း တော်တော်ကို ကျက်သရေယုတ်နေပြီ။

လမ်းဘေးက သူတော်ကောင်းအပေါင်းတို့ …
ရှင်တို့ လုပ်နိုင်လှ Haha 😂 တို့ Angry 😡 Reaction တို့လောက် ရှိတာ။ Facebook ရဲ့ Community Standards နဲ့ ငြိအောင်သာ Report ထုကြ။ လုပ်ချင်ရင် ထိခိုက်အောင်သာလုပ်၊ မဟုတ်ရင် အာသာလည်း ပြေတာမဟုတ်ဘဲနဲ့။

လူမကြိုက်တာ၊ လူမုန်းများမှာလောက်သာ ကြောက်နေရင် ရေးချင်တာရေး၊ တင်ချင်တာ တင်နေမှာမဟုတ်ဘူး။

ဘာသာတိုင်းရဲ့ ဘုရားတိုင်းမှာ သစ္စာဆိုရဲတာကတော့ စာဖတ်သူကို အကျိုးယုတ်စေမယ့်စာမျိုး၊ အန္တရာယ်ဖြစ်စေမယ့် စာမျိုး ဘယ်တော့မှ မရေးခဲ့ဘူး၊ ရေးမှာမဟုတ်ဘူးဆိုတာပဲ။

လူတိုင်းသဘောကျကြိုက်ဖို့ကတော့ ဗုဒ္ဓလည်း မလုပ်ခဲ့နိုင်ဘူး၊ ယေရှုလည်း မလုပ်ခဲ့နိုင်ဘူး။

စိတ်ထားသိပ်ကောင်းတဲ့ လုပ်ဖော်ကိုင်ဘက်တဦး ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားခဲ့တယ် …ပထမဆုံး ရင်နာနာနဲ့ တွေးမိတာက ဘာလို့ မကောင်...
05/10/2026

စိတ်ထားသိပ်ကောင်းတဲ့ လုပ်ဖော်ကိုင်ဘက်တဦး ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားခဲ့တယ် …

ပထမဆုံး ရင်နာနာနဲ့ တွေးမိတာက ဘာလို့ မကောင်းတဲ့သူတွေကျ မသေဘဲ ကောင်းတဲ့လူတွေချည်း သေသေနေတာလဲ လို့…

နောက်တော့…ကိုယ့်စိတ်ကိုယ် ဖြေသိမ့်လိုက်တယ်…

လောကမှာ ကောင်းတဲ့လူထက် မကောင်းတဲ့သူ အရေအတွက်က ပိုများတယ်။ ဒါကြောင့်…
ငရဲပြည်မှာ လူတွေအပြည့်နဲ့ Crowded ဖြစ်နေလို့ နေရာလွတ် Vacancy မရှိဘူး။ မကောင်းတဲ့လူတွေက လူ့ပြည်မှာ Long Q နဲ့ တန်းစီပြီး စောင့်နေကြတယ်။

ကောင်းကင်ဘုံကျတော့ ရောက်တဲ့သူနည်းတော့ နေရာလွတ်တွေ အများကြီးပဲ။ တန်းစီစရာ မလိုတော့ မြန်မြန်ရောက်တာပေါ့။

May his good soul rest in peace 🕊️

Facebook, Instagram, X (Twitter), YouTube, WhatsApp အကုန်ပိတ်ထားတဲ့ Russia 🇷🇺 ကို ခဏသွားလိုက်ပါဦးမယ်။ VPN နဲ့ သုံးလို့ရရင်တော့ ပြန်တွေ့ကြတာပေါ့…..

မြန်မာ့ယဉ်ကျေးမှုလား Influencer တယောက် စိတ်အနှောက်အယှက် အတော်ဖြစ်နေပုံနဲ့ ပြောပြနေတဲ့ အကြောင်းအရာတခုကို နားထောင်လိုက်ရပါ...
04/10/2026

မြန်မာ့ယဉ်ကျေးမှုလား

Influencer တယောက် စိတ်အနှောက်အယှက် အတော်ဖြစ်နေပုံနဲ့ ပြောပြနေတဲ့ အကြောင်းအရာတခုကို နားထောင်လိုက်ရပါတယ်….
သူ့တူမကို သူ့fanတယောက်က နောက်ပြောင်ပြောလိုက်တဲ့ စကားကြောင့်ပါ။ ဒါကို သူက သူ့တူမက ၁၄နှစ်ပဲရှိသေးတယ်လို့ ပြန်ပြောပါတယ် ။ ဟိုကလည်း ထပ်ပြောတယ်၊ ရတယ် ငါစောင့်မယ်တဲ့။

Influencer က အရွယ်မရောက်သေးတဲ့ Minor ကို ဒီလိုမနောက်ပြောင်သင့်ဘူးဆိုတဲ့ သဘောနဲ့ ၁၄နှစ်ပဲ ရှိသေးတယ် လို့ ပြောလိုက်တာ ပိုဆိုးတဲ့replyရလိုက်တာပါ။

ဒါဟာ ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တကယ်ဖြစ်နေတဲ့ သရုပ်မှန်….
မှားလား မှန်လားတောင် မခွဲခြားနိုင်တော့ဘဲ နောက်ပြောင်ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စော်ကားသလိုဖြစ်နေကြတာ။

ကျမတို့ သိပ်ရင်းနှီးတဲ့ အခေါ်အဝေါ်တခု ရှိပါတယ်။ “ယောက္ခမကြီး” လို့ခေါ်တာ။ သမီးလေး အူဝဲဆို မွေးလာတာနဲ့၊ သားလေး အူဝဲဆို မွေးလာတာနဲ့ တန်းခေါ်ကြတာ။ တခါတလေ ဖေဖေ၊ မေမေတောင် ခေါ်လိုက်သေး။ ဘယ်လိုစိတ်နဲ့များ ခေါ်ရက်ကြတာလဲ ဒီနီတာရဲလေးတွေကို။

ယောကျ်ားတွေတင်လားဆိုတော့ မိန်းမတွေလည်း နောက်ပြောင်ပြီး ပြောကြတာပဲ …”ငါ နင့်သားပဲ စောင့်တော့မယ်” တို့ ဘာတို့။

ကျမ စိတ်ထင်တော့လေ…ဒီအပြောအဆိုတွေဟာ မြန်မာ့အသိုင်းအဝိုင်းမှာပဲ နောက်ပြောင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ခွင့်ပြုပေးထားသလိုကြီး ဖြစ်နေတာ။ အနောက်နိုင်ငံတွေမှာ အဖေတယောက်ကို သူ့သမီး အရွယ်မရောက်သေးတဲ့ ကလေးအရွယ်မှာ သွားပြောရင် ဆွဲထိုးခံရမယ်ထင်တယ်။

နောက်တမျိုးက
“အပျိုကြီး” “လူပျိုကြီး” “ဘယ်တော့စားရမှာလဲ” “မစွံသေးဘူးလား” ဆိုတာတွေပါ။ အိမ်ထောင်မပြုသေးတာကို အားနည်းချက်ကြီး တခုလို၊ ပြစ်ချက်ကြီး တခုလို ပြောနေကြတာ။

အင်တာဗျူးတွေမှာဆိုလည်း အိမ်ထောင်မကျသေးတဲ့ မင်းသား၊ မင်းသမီးတွေကို “ဘယ်လိုလဲ၊ အားမကျဘူးလား” စသဖြင့် မေးတတ်ကြသေးတာ။

အိမ်ထောင်မကျသေးတာဟာ ချို့ယွင်းချက်ရှိလို့ လို့ အပြောခံရတာမျိုး ကျမကြုံဖူးတယ်။ ပြောတဲ့သူက စနောက်တဲ့ သဘောနဲ့ပြောတာပါ။

တလွဲတွေ ခဏခဏ လုပ်တတ်တဲ့ ကျမကို ချစ်ရတဲ့ အမတယောက်က တခါမှာ ကျမအလွဲတခုကို ဟာသအဖြစ် ပြောရင်းက “ညည်း..ဒါကြောင့် လင်မရတာ” တဲ့။ Response သိပ်မြန်တတ်တဲ့ကျမက ပါးစပ်ကို Filterမတပ်မိခင် စကားက ထွက်သွားပါပြီ… “လင်မရတာ မဟုတ်ဘူး။ မယူတာ။ လင်ယူဖို့က လွယ်တယ်။ ယူပြီးသား လင်ကို မကြိုက်ရင် သူများလင် လိုက်ကြိုက်နေရမှာစိုးလို့ မယူတာ” လို့။ သူ့ကို တည့်တည့်ထိသွားတဲ့ အမက ပါးစပ်ပိတ်သွားပါတယ်။ သူက ချစ်လို့စတာကို ကျမကလည်း အမုန်းနဲ့ ပြန်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ဒါကြောင့် လင်မရတာ” ဆိုတော့ ချိူ့ယွင်းချက်ရှိလို့ လင်မရတာ ဆိုတဲ့ပုံ ဖြစ်နေလို့၊ လက်မခံနိုင်လို့ပါ။

တကယ်ပဲ လင်ယူတယ်ဆိုတာ လွယ်ပါတယ်။ သူ့အိုးနဲ့ သူ့ဆန်တော့ တန်ကြတာချည်းပါပဲ။ Professionကို နှိမ်တာ မဟုတ်ပါဘူး…ပဲပြုတ်သည်လည်း ဆိုက်ကားသမားတော့ ရတာပါပဲ။ လင်ယူပြီးရင်သာ ဒီလင်နဲ့ ချစ်ချစ်ခင်ခင်၊ ရိုးမြေကျ ပေါင်းသင်းနိုင်ဖို့က ပိုအရေးကြီးတာပါ။

နောက်ပြီး…လူတယောက်နဲ့ တယောက်ရဲ့ ဘဝဖြတ်သန်းပုံခြင်းက မတူညီပါဘူး။ တစုံတယောက်အတွက် အိမ်ထောင်ပြုခြင်းက ဘဝရဲ့ပန်းတိုင်တွေထဲက တခု ဖြစ်နိုင်ပေမယ့် တခြားတယောက်အတွက်တော့ မဟုတ်နိုင်ပါဘူး။

နောက်တမျိုးကတော့ သားသမီးတွေကို မိဘနဲ့ နှိုင်းယှဉ်ခြင်းပါ။ မြန်မာလူမျိုးကိုက နှိုင်းယှဉ်ဆုံးမတာကို သဘောကျပါတယ်။ ကျမတို့ ငယ်ငယ်က “နင်သူ့ချီးစားရမှာ” ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။

ကျမအနှိုင်းခံရတာကတော့ ကျမအမေနဲ့ပါ။ ရုပ်ရည်နဲ့ ပတ်သတ်ပြီးတော့ပါ။ အောင့်သီးအောင့်သက် ဖြစ်ရပေမယ့် စိတ်ဆိုးရတဲ့အထိတော့ မခံစားဖူးပါဘူး။

ကျမမေမေက ငယ်ငယ်က သိပ်လှပါတယ်။ သာမန်လှတာထက် အရပ်ထဲမှာ၊ မိတ်ဆွေတွေကြားမှာ ထုတ်ပြောပြီး ချီးမွမ်းရတဲ့အထိ လှခဲ့သူပါ။

ကျမကျတော့ ဒေါင်းမျိုးဖြစ်မယ်။ ငယ်ငယ်က တော်တော်မလှတာပါ။ ဒါကြောင့် ဘယ်သွားသွား “ဟယ် ဒါလေးက သမီးလေးလား၊ အမေကို မမီဘူးနော်” ဆိုတာ အပြောခံရပါတယ်။ တကယ်ပါ။ ၁၀၀မှာ ၉၉ယောက် ပြောတယ်။

ကျမ မသွားချင်တဲ့အထဲမှာ စကော့စျေးလည်း ပါတယ်။ အမေက သူအလှဆုံးအရွယ်မှာ စကော့စျေးက အဖွားဆိုင်မှာ ဆိုင်ထိုင်ခဲ့တော့ စျေးသူစျေးသားတွေက အမေ့ဘော်ဒါတွေချည်းပဲပေါ့။ စကော့စျေးရောက်ရင် “ဟယ်…သမီးလား၊ အမေနဲ့ တခြားစီပဲ။ ညည်း အမေ ငယ်ငယ်က သိပ်လှတာ။ အခုတောင် လှတုန်းပဲ။ အခုအလှတောင် ညည်းမမီတာ သူငယ်ငယ်တုန်းက ဘယ်လောက်လှမလဲ စဉ်းစားသာကြည့်” ဆိုပြီး ဒဲ့တွေချတာ။

ကလေးတုန်းကပဲလားဆိုတော့လည်း မဟုတ်။ ကျမ ကြီးပြင်း အရွယ်ရောက်လို့ လေယာဉ်မယ်တောင် ဖြစ်ပြီ။ ငယ်ငယ်က မလှပေမယ့် ကြီးလာတော့ တော်တော်လေး အဆင်ပြေလာပါပြီ။ အဲဒါလည်း အပြောခံရတုန်း။ လွန်ခဲ့တဲ့ ငါးနှစ်က မြန်မာပြည်ပြန်တုန်းကတောင် အဲဒီအတိုင်း တသွေမတိမ်း အပြောခံရသေး။ “ဟုတ်ပါပြီ၊ အမေလှတာ သိပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ သို့သော် အမေ့ကို ချီးကျူးတာ ကျမကို မနှိမ်ဘဲ ချီးကျူးလို့ မရဘူးလား၊ leave me alone please 🙏🏻 “ လို့ ပြောချင်တာ။ အမေ့မိတ်ဆွေတွေအတွက်တော့ ကျမပါးစပ်ကို Filter တပ်ထားပါတယ် 🤐 ခုမှလူဆုံတုန်းလေး 😂

ပြောချင်တာက မြန်မာ့လူနေမှုအဖွဲ့အစည်းရဲ့ ပဋိသန္ဓာရစကားလေးတွေက နည်းနည်းလွဲနေတာကိုပါ။ “ဟယ် ပိန်သွားလိုက်တာ နေမကောင်းဘူးလား” တို့ “ ညီမလေးရေ စိတ်မဆိုးနဲ့နော်၊ ဝိတ်လျှော့ဦး၊ စေတနာနဲ့ ပြောတာ” တို့ကတော့ မပြောသင့်ကြောင်း သူများတွေ ခဏခဏ ရေးတင်ကြပြီးသားပါ။

တလက်စထဲ ပြောဦးမယ် …ကြုံလို့ပါ။
ကျမ မြန်မာပြည်ပြန်ရောက်လို့ အသိစာအုပ်ဆိုင်မှာ စာအုပ်ဝင်ဝယ်တိုင်း ဆိုင်ပိုင်ရှင်အမက “ဟယ် ညီမလေး မည်းလာလိုက်တာ” ဆိုတာကို အခေါက်တိုင်း ပြောတာပါ။ ဘုရားစူး အခေါက်တိုင်းပါ။ အဲဒါ သူ့ရဲ့ နှုတ်ဆက်စကားပါ။

ကျမတို့တွေရော ….
ကျမတို့ရဲ့ ပဋိသန္ဓာရစကားကို ဘယ်လိုများပြောနေမိပါသလဲ……။

🗣️ 👂🏼 ⚠️ ✍️

Address

Athens

Website

Alerts

Be the first to know and let us send you an email when Plonky Kit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share