06/09/2019
"ရိုးပြတ်ကို မီးရှို့ ရင် အာဟာရဓာတ်တွေ ဆုံးရူံးသွားတယ်"
ကျေးဇူးရှင်တောင်သူလယ်သမား မိဘကြီးများကို စပါးရိုးပြတ်မီးရှို့ ရင် အာဟာရဓာတ်တွေ ဆုံးရူံးသွားနိုင်တဲ့အကြောင်းလေး ဆွေးနွေး အကြံပြုလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ နယ်မှာ လမ်းဘေးဝဲယာတစ်လျှောက် ရေချိုရတဲ့နေရာတွေမှာတော့ နွေစပါးစိုက်ထားတာ တစ်ချို့လည်းမှည့်နေပြီ။ တစ်ချို့လည်း အနှံထွက်ခါစ၊ တစ်ချို့ လည်း စိမ်းနေတုန်းပါပဲ။ ရေမရတဲ့နေရာမှာတော့ ဘာသီးထပ်မှ မစိုက်ပဲ ရိုးပြတ်အပြည့်နဲ့ လယ်ကွင်းပြင်တစ်လျှောက်တွေ့ရပါတယ်။ တစ်နေရာရောက်တော့ မီးခိုးလုံးကြီးတွေ ကောင်းကင်မှာ မှိုင်းထနေတာ တွေ့ရပါတယ်။ စာရေးသူလည်း ဘာလုပ်ဖို့ နေ့လယ်ခေါင်ကြီးမှာ ရိုးပြတ်ကိုမီးရှို့ နေရတာလဲလို့ စိတ်ဝင်စားတာနဲ့ ကားကိုရပ်ပြီး အဲ့မီးရှို့ တဲ့နေရာရောက်အောင် သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ မီးကိုဂရုစိုက်ပြီး စောင့်ရှို့ နေတဲ့ လယ်သမားကြီးတစ်ယောက်ကိုလည်း တွေ့ရပါတယ်။
စာရေးသူလည်း ဒီလောက်နေပူနေတာဗျာ ဘာလုပ်ဖို့ မီးရှို့ တာလဲ လို့မေးတော့ ရိုးပြတ်မီးရှို့ ပြီး မိုးစပါးအတွက် နွေထယ်ရေးပြင်တော့မယ်လေ ဆရာ လို့ ပြန်ဖြေပါတယ်။ ကဲ ဒီလိုဆို ရိုးပြတ်မီးရှို့ ရင် ရှိတဲ့ အာဟာရဓာတ်တွေ အကုန်လုံး ဆုံးရှုံးသွားတတ်တယ်ဆိုတာ သိလားဗျာ လို့မေးတော့ အထူးအဆန်းပဲတဲ့၊၊ ခုဆရာပြောမှပဲ ကြားဖူးတယ်လို့ ပြောပါတယ်။ ဘယ်လို အာဟာရဓာတ်တွေ ဆုံးရှုံးသွားတာလဲ ဆရာ၊ ရှင်းအောင်လည်း ပြောပါဦး ဆရာတဲ့။
ဒီလိုဗျ။ ရိုးပြတ်နဲ့ ကောက်ရိုးက စပါးရင့်မှည့်တဲ့အချိန်မှာ မြေထဲမှာရှိတဲ့ နိုက်ထရိုဂျင်ဓာတ်(၄၀)ရာခိုင်နှုန်း၊ ဖော့စဖိတ်က (၃၀-၃၅) ရာခိုင်နှုန်း၊ ဆာလဖာဓာတ်က (၄၀-၄၅) ရာခိုင်နှုန်း ထုတ်နုတ်စားသုံးသွားတယ်ဗျ။ အဲ့ဒီကောက်ရိုးနဲ့ ရိုးပြတ်ကိုမီးရှို့ လိုက်ရင် အဲ့ဒီဓာတ်တွေ အားလုံးဆုံးရူံးသွားတဲ့အပြင် သွပ်ဓာတ်နဲ့ ဆီလီကာဓာတ်တွေလည်း ဆုံးရူံးသွားတယ်ဗျ။ ဒါ့ပြင်မိတ်ဆွေပိုးတွေရဲ့  အကောင်ကြီးတွေ၊ လောက်ကောင်တွေ၊ ဥတွေလည်း သေကြေပျက်စီးကုန်တယ်ဗျ။
စပါးရိတ်ပြီး ရိုးပြတ်ရှိရင် အဲ့ရိုးပြတ် ပုပ်ဆွေးသွားတဲ့အခါ မိတ်ဆွေပိုး၊ ပင့်ကူ၊ သားရဲကောင်တွေရဲ့  ဇီဝအာဟာရစာအဖြစ် ရရှိတဲ့အတွက် ပင့်ကူနဲ့ မိတ်ဆွေသားရဲကောင်တွေ ပွားများမှုကို အထောက်အကူဖြစ်စေတယ်။ အပင်ပြန်စိုက်တဲ့ အခါမှာ ဇီဝနဲ့ ပိုးမွှားကာကွယ်နှိမ်နင်းနည်းကို အထောက်အကူဖြစ်စေတယ်လို့ Rasos 1974 သိပ္ပံပညာရှင်က သုတေသနပြု တွေ့ရှိထားတယ်လို့ ပြောပါတယ်။
ကောက်ရိုးနဲ့ ရိုးပြတ်ကို မီးမရှို့ ပဲ (၅-၁၀) စင်တီမီတာအနက်ရောက်အောင် ထယ်ထိုးမြေမြုပ်ပေးရင် မြေဆွေးအဖြစ်ပြောင်းလဲသွားပြီး အာဟာရဓာတ် တက်လာတဲ့အတွက် စပါးပင်ကြီးထွားချိန်ထိ နိုက်ထရိုဂျင်မြေသြဇာထပ်ဖြည့်ပေးရန် မလိုပဲ အလိုအလျှောက်ပြည့်ဝစေတယ်လို့ ဂျပန်စပါးပညာရှင် Roshida က ပြောပါတယ်။
ကောက်ရိုးနဲ့ ရိုးပြတ်ကို မီးရှို့ သင့်တဲ့အချိန်တော့ရှိပါတယ်။ အဲ့ဒါကတော့ စပါးခင်းမှာ ဆစ်ပိုး၊ နှံဖြတ်ပိုး၊ နှံစုပ်ပိုး၊ ကြက်သွန်မြိတ်ပိုးကျခဲ့ရင်၊ ပင်စည်ပုပ်ရောဂါ၊ ဘက်တီးရီးယားရောဂါ၊ ဗိုင်းရပ်(စ်)ရောဂါတွေ ကျခဲ့မယ်ဆိုရင်တော့ ဒီပိုး၊ဒီရောဂါတွေ အမြစ်ပြတ်အောင် မီးရှို့ သင့်ပါတယ်။ သာမန်အခြေအနေမှာတော့ မီးမရှို့ သင့်ပါဘူးခင်ဗျာ။
Credit - အောင်ဆန်း (စိုက်ပျိုးရေး)