23/05/2026
လွန်ခဲ့သော နှစ်တွေထဲက တနှစ်က နေ့စဉ်ရက်ဆက် အုံ့မှိုင်းနေတတ်တဲ့ ပင်လယ်ဘေးက မိုးရာသီကို တောင့်မခံနိုင်ခဲ့ဘူး။ လူမှုဘဝပါတ်ဝန်းကျင် တွေကိုသာ မက သဘာဝကိုပါ တောင့်မခံနိုင်တော့တဲ့ အခါ အိမ်ကို သတိတရပြန်လာခဲ့ဖူးတယ်။
မိုးတိမ်တွေ မဲမှောင် ပြီး လေတွေတိုက်လိူက် မိုးတွေ ရွာနေလိုက်ဟာ ရက်ဆက်လာတဲ့အချိန် စိတ်တွေလည်း လေလေလွင့်လွင့်ပါပဲ။ ဘဝဟာ ကြိုးစားရုန်းကန် ရှင်သန်နေရုံသက်သက်နဲ့ ဘာများ အဓိပ္ပါယ် ရှိလို့လည်း ဆိုတဲ့စိတ် နဲ့ အိမ်ကို ရုတ်တရက်ထပြန်ဖို့ စိတ်ထဲပေါ်လာခဲ့ဖူးတယ်။
တကယ်လည်း ထပြန်ခဲ့ပါတယ်။ မိုးရွာထဲမှာ တောင်ပေါ်လမ်းတွေကို ဖြတ်ရင်း အိမ်ကို သတိတရနဲ့ ပြန်လာခဲ့ပေမယ့် လမ်းတဝက်မှာပဲ ရာသီဥတုက ပြောင်းလဲခဲ့ပါပြီ။ ငါ့အိမ်ရယ် လို့ သတ်မှတ်တဲ့ နေရာမှာ လူတွေဟာ သောကအပူ၊သဘာဝအပူတွေနဲ့ ဘယ်သူ့ကိုမှလည်း မလွမ်းနိုင်၊ ကိုယ့်ကိုကိုယ်တောင် သတိမရနိုင် ဖြစ်နေခဲ့တာကို ရင်ဆိုင် ခံစား ခဲ့ရဘူးတယ်။ ကိုယ်တိုင်ရဲ့ စိတ်မှာလည်း ယောင်တောင်တောင် ဖြစ်သွားခဲ့ဖူးတယ်။ အဲ့ဒီနောက်တော့ ချက်ခြင်းပဲ မိုးတွေရွာနေသေးတဲ့ ပင်လယ်ဘေးကိုပဲ ပြန်လာခဲ့တယ်။ အိမ်ကိုစိတ်ကူးနဲ့ပဲ အဝေးက သတိရနေခဲ့တော့တယ်။
နောက်ပိုင်းနှစ်တွေမှာတော့ ပင်လယ်မှာ မိုးတွေ စွေနေခဲ့လည်း လွမ်းတဲ့စိတ်နဲ့ အိမ်မပြန်ဖြစ်တော့ပဲ မိုးထဲလေထဲမှာပဲ အလွမ်းကို အလွမ်းအတိုင်းပဲ ထားပြီး ကျော်ဖြတ်ခဲ့တယ်။ ဒါ့ကြောင့်ပဲ ပင်လယ်မှာ မိုးတွေရွာနေမှာပဲ ဆိုတဲ့ စိတ်နဲ့ရောက်လာခဲ့တဲ့သူတွေကိုလည်း ရောက်လာတဲ့အခါ ပင်လယ်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေစေချင်ပါတယ်။
ပင်လယ်မိုးကို စိုဖို့ အရောက်လာကြတဲ့အခါ ပင်လယ်မှာ မိုးများ သည်းပါစေ။