03/09/2026
မိခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ မြေကွက် အရောင်းအဝယ်ပြုလုပ်လိုက်တာကို မကျေနပ်တာကြောင့် အသက်ကြီးပိုင်း မိဘနှစ်ပါးကို တုတ်နဲ့ အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ သားနှစ်ယောက်ကို ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားကြောင်း စက်တင်ဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စိတ်မကောင်းဖွယ် ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Pune ခရိုင် Indapur နယ်မြေ၊ Tarangwadi ကျေးရွာမှာ ဩဂုတ် ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။
ပြစ်မှုကျူးလွန်သူ သားနှစ်ယောက်ဟာ သီးခြားခွဲနေကြသူများဖြစ်ပြီး လမ်းလျှောက်ထွက်လာတဲ့ မိဘနှစ်ပါးကို Malwadi အရောက်မှာ ကားနဲ့ လိုက်လာကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
အရိုက်ခံရသူ အသက် ၆၅ နှစ်အရွယ် ဖခင်ဖြစ်သူ တောင်သူ Tukaram Raut ရဲ့ တိုင်ကြားချက်အရ မိခင်ဖြစ်သူ Anjana ရဲ့ အမည်ပေါက် မြေကွက်ကို ရောင်းချလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ သစ်သားတုတ်တွေနဲ့ စတင် တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။
တုတ်နဲ့ ရိုက်နှက်ခံရမှုကြောင့် ဖခင်ဖြစ်သူရဲ့ ကျော၊ မျက်နှာ၊ ပေါင်နဲ့ ပုခုံးတို့မှာ ဒဏ်ရာများစွာ ရရှိခဲ့သလို ကျန်းမာရေး မကောင်းရှာတဲ့ မိခင်ဖြစ်သူ Anjana မှာလည်း လက်ကောက်ဝတ်နဲ့ ခါးတို့မှာ ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ Times of India သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် အရောင်းအဝယ် စာချုပ်ကို မဖျက်သိမ်းရင် အသက်အန္တရာယ်ပြုမယ်လို့ပါ ခြိမ်းခြောက်သွားခဲ့ကြပါတယ်။ အနီးအနားရှိ ရွာသားတွေ ရောက်ရှိလာပြီး ရဲစခန်းဆီ အကြောင်းကြားခဲ့တာကြောင့် ဒဏ်ရာရ မိဘနှစ်ပါးကို Indapur ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပါတယ်။
လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Indapur ရဲစခန်းက အဆိုပါ သားနှစ်ယောက်ကို အမှုဖွင့်အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေပါတယ်။