05/12/2022
လာအိုမှာ တိုးရစ်ဗီဇာ သွားလျောက်ခဲ့တဲ့အတွေ့အကြုံလေး မျှဝေပေးချင်ပါတယ်ရှင်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာသံရုံးရှိပြီးတော့၊ ချင်းမိုင်မြို့မှာ ကောင်စစ်ဝန်ရုံး ရှိသလိုပါပဲ။
လာအိုနိုင်ငံမှာ ထိုင်းသံရုံးက Vientiane မြို့မှာ ရှိပြီးတော့၊ ကောင်စစ်ဝန်ရုံးကတော့ Savannakhet မြို့လေးမှာ ရှိပါတယ်နော်။
☮️ ဒီနှစ်ခုဘာကွာလဲဆိုတော့
ဗီယန်ကျန်းက သံရုံးမှာလျောက်တဲ့အခါ Appointment Letter လိုပါတယ်။
Visa Processing time က ၃ ရက်ပါ။
စုဗနခတ် မြို့က ထိုင်းကောင်စစ်ဝန်ရုံးမှာ Appointment ယူစရာ မလိုပါဘူး။
Visa Processing time က ၁ ရက်ပါ။ ဒီနေ့တင် မနက်ဖြန်ရဆိုတော့ အချိန်မလင့်ဘူးပေါ့။
သံရုံးရော ကောင်စစ်ဝန်ရုံးရော Visa Session အတွက်က မနက် ၉ နာရီကနေ ၁၂ နာရီအထိပဲ ဖွင့်ပါတယ်။
☮️ ဗီယန်ကျန်းသံရုံး ရှေ့တည့်တည့်မှာ ထိုင်ခုံလေးတွေနဲ့ ထိုင်နေတဲ့သူများဟာဖြင့် ဘာလိုလို အကုန်ရတဲ့ ပွဲစားများဖြစ်ပါတယ်။
သူတို့နဲ့စျေးညှိလိုက်ရင် အကုန်အဆင်ပြေသွားပါလိမ့်မယ်။
ဘယ်သူမဆို တခါတည်းပြီးပြတ်သွားချင်ကြတော့ ပွဲစားတွေနဲ့ပဲ ညှိပြီးပြန်ဝင်ကြတာဆိုတော့ကာ သံရုံးထဲကလည်း ရစ်လို့ရတာမှန်သမျှ ရစ်ပါလိမ့်မယ်။
Bank Statement Balance က ၃ လ မပြည့်လို့ ပြန်လွှတ်တော့၊ အပြင်က ပွဲစားနဲ့ ဘတ် ၆၀၀၀ ညှိပြီးပြန်ဝင်တော့ ချက်ချင်းပြန်လက်ခံတာတွေ ရှိပါတယ်။
ဒါကြောင့် ကိုယ့်ဘက်က အသေအချာလေးပြင်ဆင်သွားကြဖို့ လိုအပ်ပါတယ်။
☮️ စုဗနခတ် ကောင်စစ်ဝန်ရုံးမှာလည်း ကိုယ့်အချက်အလက်မပြည့်စုံလို့ သံရုံးရှေ့က ပွဲစားတွေ၊ ဒါမှမဟုတ် မြန်မာပြည်က အေးဂျင့်တွေနဲ့ စျေးညှိမယ်ဆိုရင်လည်း ဗီယန်ကျန်းကပေါက်စျေးထက် အနည်းငယ်သက်သာပါလိမ့်မယ်။
☮️ ဘာတွေလိုမလဲ ?
1️⃣ Appointment Letter
ဗီယန်ကျန်းသံရုံးကနေ လျောက်မယ်ဆိုရင်တော့ ပထမဆုံး ကိုယ့်ဗီဇာသက်တမ်းမကုန်ခင် ၁ လလောက်ကြိုပြီး ကိုယ့်ဘက်က ပြင်ဆင်ရမယ်အထဲမှာ ဒီ Appointment Letter ရဖို့လည်းပါပါတယ်။ Appointment Letter မပါပဲနဲ့ တံခါးတောင်မဖွင့်ပေးပါဘူးနော်။
သွားခါနီး ၅ ရက်လောက်ကြိုပြီးလုပ်တာကို ကိုယ်သွားချင်တဲ့ရက်တွေက ပြည့်နေလို့ ၃ ရက်လောက်နောက်ကျပြီးမှ ရခဲ့ပါတယ်။
ကိုယ်သုံးတဲ့ Email ကို Password နဲ့ အရင်ဝင်ကြည့်ပြီးမှ သူတို့လင်ခ့်ထဲကို Sign up လုပ်ပါနော်။
ကိုယ်တွေမှာ သုံးနေကြ Email က Invalid ပဲပြပြီး အတော်ကြာပြီးမှ နောက်ဆုံးတော့ ရသွားပါတယ်။
သိပ်မလုပ်တတ်ဘူး၊ တခါမှမလုပ်ဖူးရင်တော့ အကူအညီ တောင်းလို့ရမယ့်သူတွေကို လုပ်ခိုင်းကြည့်ပါနော်။
တခုခုမှားသွားလို့ ကိုယ့်နာမည်နဲ့ Suspended ဖြစ်သွားရင် အကြာကြီးပြန်စောင့်ရပါတယ်။
Website link က comment မှာပါ။
2️⃣ Application Form
Website ကနေ download ယူပြီး ကြိုဖြည့်လို့ရပါတယ်။
+ ဓါတ်ပုံ ၂ ပုံ ( 3.5 x 4.5 CM )
3️⃣ Visa Fees ( ဘတ် ၁ ထောင် )
4️⃣ Passport Copy
5️⃣ Accomodation in Thailand
Tourist Visa အတွက်ဆိုရင် ဗီဇာသက်တမ်း ၂ လလောက်မှန်းပြီး ပြင်သွားပါ။
သတိထားရမှာက Contract ရှိခဲ့လို့ ပြမယ်ဆိုလည်း ကိုယ်တိုင် နာမည်နဲ့ဖြစ်ဖို့လိုပါတယ် ( အတူနေတဲ့ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ဆိုရင် မိသားစုဝင်ဖြစ်ကြောင်း သန်းခေါင်စာရင်း Notary ကို ထိုင်းသံရုံးက တံဆိပ်တုံးထုထားတဲ့ အထောက်အထားလိုပါလိမ့်မယ်)
အိမ်စာချုပ်ရှိလို့ ပြရင်လည် ကိုယ်ပြရမယ့်သက်တမ်းအပေါ် ပိုတာ၊ လိုတာ ရှိနေရင် အရစ်ခံနိုင်ရတဲ့အတွက် Hotel Booking အနေနဲ့ပြတာ အကောင်းဆုံးပါပဲ။
6️⃣ Return Ticket
BKK-RGN ဗီဇာ၂ လမကုန်ခင်ရက်ကို ထုတ်သွားပါ။
Hotel Booking တင်ထားတဲ့ရက်နဲ့ ကိုက်ပြီးထုတ်ပါနော်။
7️⃣ Bank Statement for 3 months
အများဆုံး Reject လုပ်လို့ရတဲ့ အကြောင်းအရာပါပဲရှင်။
၁။ ဘဏ်စာအုပ်မူရင်းမပါလာရင် မရပါဘူးတဲ့။
၂။ ဘဏ်အကောင့်ဖွင့်ထားတာ ၃ လမပြည့်သေးရင် လက်မခံပါဘူး။
၃။ ၃ လစာ Statement မှာ၊ ၃ လစလုံး ( ၁ လစီတိုင်းရဲ့ ) Balance က ဘတ် ၂ သောင်း အနည်းဆုံး ရှိနေရပါမယ်။
၄။ ထိုင်းဘဏ်ကနေ Bank Statement ကတော့ နီးစပ်ရာဘဏ်မှာ ကိုယ်မတင်ခင် ၂ ရက်လောက်ကြိုပြီး ယူလို့ရပါတယ်။ ဘန်ကောက်ဘဏ်မှာတော့ ထုတ်ခ ဘတ် ၁၀၀ ပေးရပါတယ်။
၅။ မြန်မာပြည်က Mobile Banking ထဲဝင်ပြီး Print ထုတ်မယ်ဆိုလည်း ကာလာနဲ့ထုတ်ပါနော်။
☮️ ကိုယ့် Visa Type အလိုက် ကိုယ်ပြင်ဆင်ထားတဲ့ Documents တွေကို မသွားခင် [email protected] ကို email ပို့ပြီး Confirm လုပ်လို့ရပါတယ်။
☮️ Non immigrants တွေပါမယ်ဆိုရင် ထိုင်းဘော်ဒါဂိတ်မှာ Re-entry တုံးထုရပါတယ်။
လေယာဉ်နဲ့ပဲ ထွက်ထွက်၊ ဘော်ဒါဂိတ်တွေကပဲထွက်ထွက်၊ ဘယ် Immigration မှာဖြစ်ဖြစ် Re-entry ထုလို့ရပေမယ့် အချိန်ပေးနိုင်လို့ ကြိုထုသွားကြရင်တော့ တန်းစီရတဲ့အချိန် သက်သာပါတယ်။
Single Entry အတွက်က ဘတ် ၁ ထောင်ပါ။
Multiple Entry ဆိုရင်တော့ ၁ နှစ်အတွင်း ကြိုက်သလောက် အဝင်အထွက်ရပါတယ်၊ ဘတ် ၉၈၀၀ ပါ။
☮️Passport က Visa Sticker မှာပါတဲ့ သက်တမ်းက ထိုင်းနိုင်ငံကို ၃ လအတွင်းမှာ ဝင်ရောက်ခွင့်ရှိတယ်လို့ဆိုလိုပါတယ်။
ထိုင်းနိုင်ငံကို ဝင်ရောက်တဲ့နေ့မှစပြီး ပြန်လည်ထွက်ခွါရမယ့်နောက်ဆုံးနေ့ကို အဝင်တုံးထုတဲ့ သက်တမ်းကပဲ ကြည့်ရပါမယ်။
ပုံမှန်ကတော့ နယ်စပ်ဂိတ်ကနေတိုးတဲ့ ဗီဇာက ၂ လရပါတယ်။ အဲ့ဒီ ၂ လ သက်တမ်းပြည့်ရင် နောက်ထပ် ရက် ၃၀ ကို သံရုံးထောက်ခံစာမလိုပဲ တိုးနိုင်ပါသေးတယ်။
ဒါပေမယ့် နယ်စပ်ထွက်တိုးပြီး ပြန်ဝင်တာကို တစ်နှစ်အတွင်းမှာ နှစ်ကြိမ်ပဲ ခွင့်ပြုတယ်လို့ ဆိုပါတယ်။
☮️ လာအိုအဝင်နဲ့ ထိုင်းပြန်အဝင်မှာ Visa form တွေဖြည့်ရပါမယ်။ ဘောပင်ဆောင်သွားကြပါ။
☮️ Vientiane မြို့ ကို ဘယ်လိုသွားမလဲ ?
ကားနဲ့သွားမယ်ဆိုရင် ချင်းမိုင် (သို့) ဘန်ကောက်ကနေ ထိုင်း-လာအို နယ်စပ်မြို့လေးဖြစ်တဲ့ ထိုင်းဘက်ခြမ်းက Nong Khai မြို့အထိ ကားစီးသွားလို့ရပါတယ်။
ချင်းမိုင်ကနေ Nong Khai အထိတန်းရောက်တဲ့ကားက ၁ ချိန်ပဲရှိပါတယ်နော်။
ချင်းမိုင်ကနေ ည ၈:၃၀ မှာထွက်ပြီး မနက် ၇ နာရီ ကျော်လောက် Nong Khai ကို ရောက်ပါတယ်။ ၁ ယောက်ကို ၉၉၇ ဘတ် ပေးရတဲ့ VIP Bus ဆိုပေမယ့် အိမ်သာနံ့ ခဏခဏ ရလို့ အဆင်မပြေဘူးရယ်။ တောင်တက်တောင်ဆင်းတွေ ကွေ့ပတ်နေတဲ့လမ်းမို့ မူးတတ်ရင်တော့ အရှေ့ဘက်ကျတဲ့ခုံရမှ ပိုအဆင်ပြေပါ့မယ်။
Nong Khai ရောက်တော့ ထိုင်းဘော်ဒါဂိတ်အထိ တုတ်တုတ်ငှားရပါတယ်။
၃ ယောက်ကို ဘတ် ၂၀၀ နဲ့ ရပါတယ်။
☮️ ထိုင်းဘော်ဒါဂိတ်မှာ အထွက်တုံးထုပြီးရင် လာအိုဘော်ဒါဂိတ်အထိ ပို့ပေးတဲ့ ဘတ်စ် ကားရှိပါတယ်။ ၁ ယောက်ကို ၃၅ ဘတ်ပါ။
လာအို Immigration မှာ Visa On Arrival ဖြည့်၊ ဘတ်၂၀ ပေး ( လာအိုမှာ နေမယ့်လိပ်စာဖြည့်ရပါတယ်၊ Booking တင်ဖို့မလိုပါဘူး ) ပြီးရင် ကိုယ်နေမယ့် နေရာအထိ ကားငှားရပါတယ်။
ထိုင်းသံရုံးနဲ့ မနီးမဝေးကို ၃ ယောက်အတွက် ဘတ် ၂၀၀ နဲ့ ရခဲ့ပါတယ်။ တစ်ယောက်တည်းသွားမယ့်လူဆို အတူတူ ပေါင်းသွားပြီး စျေးမျှပေးမယ့်သူ မတွေ့ခဲ့ရင် စျေးဆစ်ရတာ နည်းနည်းစိတ်ရှုပ်စရာပါ။
တကယ်လို့ Udon Thani အထိစီးခဲ့ရင်တော့ လာအို ဗီယန်ကျန်းမြို့ထဲအထိ ပါပြီးသားမို့၊ ဗီယန်ကျန်းကားဂိတ်ကနေ ကိုယ်နေမယ့်ဟိုတယ် ဒါမှမဟုတ် ထိုင်းသံရုံးအထိ ကားပြန်ငှားရုံပါပဲ။
ထိုင်းဘော်ဒါဂိတ်ကနေ လာအိုဘော်ဒါဂိတ်အထိလည်း ကိုယ်စီးခဲ့တဲ့ကားပေါ်ပြန်တက်ပြီး ဖြတ်လို့ရပါတယ်။
ဘန်ကောက်ကနေပဲဖြစ်ဖြစ်၊ ချင်းမိုင်ကနေပဲဖြစ်ဖြစ် Udon Thani အထိကရောက်တဲ့ကားက ပိုများပြီး သွားရတာပိုလွယ်ကူလို့ Udon Thani ကို Recommend ပေးပါတယ်နော်။
☮️လာအိုမှာ Taxi ရယ်လို့ သပ်သပ်မရှိပါဘူး။
SIM Card ဝယ်ပြီးအင်တာနက် ရပြီဆိုရင်တော့ ဗီယန်ကျန်းမြို့မှာ In Drive Application နဲ့သွားလို့ အဆင်ပြေပါတယ်။ Food Panda နဲ့လည်း မှာစားလို့ရပါတယ်။
☮️ လတ်တလော ၁ ဒေါ်လာကို လာအိုငွေ ၁ သောင်း ၈ ထောင်နဲ့ ညီမျှပါတယ်။
၂၀၁၉ ခုနှစ် လာအိုရောက်တုန်းက ၁ ဒေါ်လာကို ၈ ထောင်နဲ့ ၉ ထောင်ကြားမှာပဲရှိခဲ့တာပါ။
ကိုဗစ်အလွန်မှာ ပိုပြီး စီးပွါးရေးကျပ်တည်းလာတဲ့ လာအိုနိုင်ငံလေးလည်း ငွေတန်ဖိုးတွေတဖြည်းဖြည်းကျလာနေတာပါ။
☮️ ဗီယန်ကျန်းမြို့ ထိုင်းသံရုံးနဲ့ နီးပြီး စျေးသင့်တဲ့ ဟိုတယ်က Douangchan Plaza တဲ့။
ကားနဲ့ဆို ၅ မိနစ်လောက်ပဲ ကြာပါတယ်။
မနက်စာမပါ၊ ၂ ယောက် ၁ ခန်းကို လာအိုငွေ တစ်ည ၂ သိန်းပေးရပါတယ်။
အနီးအနားမှာလည်း စားဖို့သောက်ဖို့ အဆင်ပြေတယ်။ ဘေးပတ်လည်မှာလည်း စျေးသင့်တဲ့ တခြားဟိုတယ်တွေ ၃ လုံးလောက်ရှိပါသေးတယ်။
Vientiane Night Market အနီးအနားမှာ နေရင်လည်း အဆင်ပြေပါတယ်။ညနေခင်းဆို အရမ်းစည်ကားပြီး စားသောက်စရာတွေလည်း ပေါပါတယ်။
☮️စုဗနခတ် မြို့ ကို ဘယ်လိုသွားမလဲ ?
ဘန်ကောက်ကနေ ထိုင်းနယ်စပ်မြို့လေးဖြစ်တဲ့ Mukdahan မြို့ကို ညကားစီးရင် မနက်မိုးလင်းရောက်ပါမယ်။
ပြီးရင် Mukdahan ကနေ လာအိုနယ်စပ် စုဗနခတ် မြို့ကို ကားပြောင်းစီးရပါမယ်။
ကားတွေကတစ်နာရီခြား ၁ စီးလောက် ရှိတတ်ပါတယ်။
ကားစီးချိန် နဲ့ ဘော်ဒါဂိတ်ဖြတ်တာ အပြီးအစီးကိုမှ အချိန် ၁ နာရီလောက် ပဲ ကြာပါတယ်။
ထိုင်းဘော်ဒါဂိတ်ကနေ လာအိုဘော်ဒါဂိတ်အထိလည်း ကိုယ်စီးခဲ့တဲ့ကားပေါ်ပြန်တက်ပြီး ဖြတ်ရုံပါပဲ။
☮️ စုဗနခတ် ဘတ်စ်ကားဂိတ်ကနေ ကောင်စစ်ဝန်ရုံးကို ၁၀ မိနစ်လောက် လမ်းလျောက်ရုံနဲ့ ရောက်ပါတယ်။
ဒီမှာတော့ သွားရေးလာရေးက App သုံးလို့မရလို့၊ တုတ်တုတ်ပဲ အားကိုးရပါမယ်။
စုဗနခတ် မှာ ဗီဇာလျောက်ဖို့ဆိုလည်း လိုအပ်တဲ့ Documents တွေအကုန်ပြင်ဆင်ခဲ့ပါ။
ကောင်စစ်ဝန်ရုံးရှေ့က ဆိုင်မှာ Print ထုတ်ချင်ရင် စာရွက် ၁ ရွက် ကို ဘတ် ၅၀ ယူပါတယ်။
ဘေးက နောက်တဆိုင်က ၃၀ ယူပါတယ်။
ကောင်စစ်ဝန်ရုံးမှာတော့ တမင်ရစ်နေတာမျိုး သိပ်မရှိပါဘူး။
Appointment System မဟုတ်လို့ တန်းစီတဲ့လူတန်းတော့ ရှည်ပါတယ်။
☮️ ကောင်စစ်ဝန်ရုံး ရှေ့တည့်တည့်မှာ ဟိုတယ်တစ်လုံးရှိပေမယ့် လူပြည့်နေတာများပါတယ်။
စျေးကလည်း ဘတ်ဂျက်သမားတွေအတွက်ဆို များပါလိမ့်မယ်။
ဘတ်စ်ကားဂိတ်ကနေ ၁၀ မိနစ်လောက်လမ်းလျောက်တာနဲ့ ဘတ် ၂၀၀-၂၅၀ တန် တည်းခိုခန်းတွေ ရှိပါတယ်။
Avalon Residence မှာ တည်းခဲ့ပါတယ်။ တစ်ညကို မနက်စာမပါ၊ ၂ ယောက် ၁ ခန်းကို လာအိုငွေ တစ်ည ၁ သိန်း ၈ သောင်း ပေးရပါတယ်။
နောက်နေ့ ၂ နာရီမှာ စာအုပ်သွားယူပြီးရင်တော့ Mukdahan ကိုလက်မှတ်ဖြတ်ပြီး ဘန်ကောက်ကို တန်းပြန်ရုံပါပဲ။
☮️ တကယ်လို့ ချင်းမိုင်ပြန်မယ့်သူတွေဆိုရင်တော့ Mukdahan ကနေ Khon Kaen မြို့ကို Van ကားနဲ့ သုံးနာရီလောက်ထပ်စီး ၊ Khon Kaen ကနေ မှ ချင်းမိုင်ကားပြန်စီးရပါမယ်။
Khon Kaen ကနေ ချင်းမိုင်ထွက်တဲ့ကားကို ညကားစီးဖို့ အကြံပြုပါတယ်။
ဒီလမ်းကြောင်းက ဘန်ကောက်လို လူသွားများတာမဟုတ်လို့ ထွက်တဲ့ကြိမ်ရေနည်းပါတယ်။ ရောက်မှဝယ်ရင် ခုံပြည့်နေတများလို့ ဖြစ်နိုင်ရင် ( Passport ကိုယ့်လက်ထဲရပြီ ဆိုတာနဲ့ ) လက်မှတ်ကို ကြိုဝယ်ဖို့လည်းတိုက်တွန်းပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေနော် 🙏